ထားရှိရန်လိုအပ်သည့် (လုပ်ငန်းဆိုင်ရာ) စာရင်းအင်းများနှင့် မှတ်တမ်းများ
“ထားရှိရန်လိုအပ်သည့် (လုပ်ငန်းဆိုင်ရာ) စာရင်းအင်းများနှင့် မှတ်တမ်းများ”
စာရင်းထားရှိနည်း အခြေခံစနစ်နှစ်ရပ်
စာရင်းများကိုပြုစုထားရှိရာတွင် အခြေခံစနစ် (၂) မျိုးရှိပါသည်။ ၄င်းတို့မှာ ငွေသားစနစ် (Cash System) နှင့် ကုန်သွယ်မှုစနစ် (Mercantile System) တို့ဖြစ်ပါသည်။ ငွေသားစနစ်ဖြင့် စာရင်းရေးသွင်း ခြင်း(Cash System) ဆိုသည်မှာ ငွေသားအမှန်ရငွေ အမှန်ပေးငွေတို့ကိုသာ စာရင်းရေးသွင်းပြုစုသည့်စနစ် ဖြစ်ပါသည်။ ငွေသားစနစ်တွင် ငွေစာရင်းရေးဆွဲခြင်းကို အများအားဖြင့် လုပ်ငန်းအငယ်စား၊ အလတ်စားများ တွင် အသုံးပြုလေ့ရှိပါသည်။ ကုန်သွယ်မှုစနစ် စာရင်းရေးသွင်းခြင်း ( Mercantile System ) ဆိုသည်မှာ အမှန်ရငွေ၊ အမှန်ပေးငွေများအပြင် ရရန်ငွေများကိုပါ ထည့်သွင်းရေးဆွဲခြင်း ဖြစ်ပါသည်။ ယင်းစနစ်အား ပို့ကုန်သွင်းကုန် လုပ်ငန်းကြီးများ၊ နှစ်ရှည်ဆောင်ရွက်ရမည့်လုပ်ငန်းကြီးများ၊ အထူးသဖြင့် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ် (Self-Assessment System) ဖြင့် စည်းကြပ်မှုခံယူမည့် လုပ်ငန်းများတွင် အသုံးပြုလေ့ရှိပါသည်။
ဝင်ငွေခွန် အခွန်ထမ်းများအတွက် ထားရှိရမည့်စာရင်းများ
(က) ဝင်ငွေခွန် ဥပဒေနှင့်အကျုံးဝင်သော စီးပွားရေးလုပ်ငန်းရှင်များ ထားရှိရမည့် စာရင်းစာအုပ်များ
စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စာရင်းများထားရှိရေးနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေ ဖြစ်သော မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ (၁၉၁၄) ပုဒ်မ ၁၃၀ တွင် ကုမ္ပဏီ တိုင်းသည် အောက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာ ဖြင့်ဖြစ်စေ မှန်ကန်သင့်မြတ်သော စာရင်းများထားရှိရန် ဆောင်ရွက်ရပါမည်-
(၁) ကုမ္ပဏီ၏ ရငွေနှင့်သုံးစွဲငွေအားလုံး၊ ရငွေနှင့်သုံးငွေ ဖြစ်ပေါ်ခြင်း ဆိုင်ရာ အကြောင်းအချက်များ၊
(၂) ကုမ္ပဏီ၏ ကုန်စည်ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများအားလုံး၊
(၃) ကုမ္ပဏီ၏ ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန်များဟုလည်း ပြဋ္ဌာန်းထားပါသည်။
(ခ) လုပ်ငန်းအမျိုးအစားအလိုက် ထားရှိရမည့် နှစ်ချုပ်စာရင်းရှင်းတမ်းများ
ယေဘုယျအားဖြင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည့်စုံသော ဘဏ္ဍာရေးရှင်းတမ်း (Complete Set of Financial Statements) ကို မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း စံ MFRS အရ ထားရှိတင်ပြရမည်ဖြစ်ပါသည်။ လုပ်ငန်းအမျိုးအစားအလိုက် နှစ်ချုပ်စာရင်း များကို အောက်ပါအတိုင်း ထားရှိရပါမည်-
(၁) ကုန်စည်ဝယ်ယူရောင်းချခြင်းလုပ်ငန်း
ကုန်သွယ်မှုစာရင်း (Trading Account) ၊ အရှုံးအမြတ်စာရင်း ( Profit and Loss Account)၊ လက်ကျန်ရှင်းတမ်း (Balance Sheet)
(၂) ကုန်စည်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း
ကုန်စည်ထုတ်လုပ်မှုစာရင်း (Manufacturing Account) ၊ကုန်သွယ်မှုစာရင်း (Trading Account)၊ အရှုံးအမြတ်စာရင်း (Profit and Loss Account)၊ လက်ကျန်ရှင်းတမ်း (Balance Sheet )
(၃) အပ်ကုန်ရောင်းချပေးခြင်းလုပ်ငန်း
အပ်ကုန်စာရင်း (Consignment Account)
(၄) ပုံနှိပ်တိုက်၊ ဟိုတယ်၊ ရုပ်ရှင်၊ လျှပ်စစ်ဓါတ်အား၊ သယ်ယူ ပို့ဆောင်ရေး၊ ကျောက်မိုင်း စသည့် လုပ်ငန်းများ
လုပ်ငန်းဆောင်ရွက်မှုစာရင်း (Working Account or Operating Account)၊ အရှုံးအမြတ်စာရင်း (Profit and Loss Account)၊ လက်ကျန်ရှင်းတမ်း( Balance Sheet)
(၅) ကန်ထရိုက်လုပ်ငန်း
ကန်ထရိုက်လုပ်ငန်းစာရင်း (Contract Account)၊ အရှုံးအမြတ်စာရင်း (Profit and Loss Account) ၊လက်ကျန်ရှင်းတမ်း (Balance Sheet)
(၆) အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း
ရငွေပေးငွေစာရင်း (Receipt and Payment Account) (သို့မဟုတ်) ဝင်ငွေထွက်ငွေစာရင်း (Income and Expenditure Account)
ယေဘုယျအားဖြင့် အထက်ပါအတိုင်း လုပ်ငန်းအမျိုးအစားအလိုက် နှစ်ချုပ်စာရင်းများ ထားရှိကြသော်လည်း ရေနံရှာဖွေရေး၊ သတ္တုတူးဖော်ရေး ကဲ့သို့သော လုပ်ငန်းများမှာ အမြတ်အစွန်းကို ကြိုတင်မှန်းဆ၍မရဘဲ စွန့်စား လုပ်ကိုင်ရသော လုပ်ငန်းများဖြစ်သည့်အတွက် ယင်းလုပ်ငန်းများသည် ထွက်ရှိလာသောရလာဒ်ကို ခွဲခြားရယူကြသောစနစ် (Production Sharing Basis) ဖြစ်သည့်အတွက် ယင်းလုပ်ငန်းများ၏ လုပ်ငန်းသဘာဝနှင့် လျော်ညီသော စာရင်းများ ထားရှိရပါသည်။
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် အကျုံးဝင်သော စီးပွားရေး လုပ်ငန်းရှင်များ ထားရှိရမည့် စာရင်းစာအုပ်များ
ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်ထိုက်သော ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ ရရှိသောလုပ်ငန်း ရှင်များသည် အောက်ပါစာရင်း စာအုပ်များထားရှိရမည်-
(၁) ကုန်စည်ထုတ်လုပ်ရောင်းချမှုလုပ်ငန်း
- နေ့စဉ် လက်ငင်းရောင်းမှတ်တမ်းစာအုပ် ( ရောင်းချသည့်ရက်စွဲနှင့် လက်ငင်းရောင်း ပြေစာအမှတ်၊ဝယ်သူအမည်နှင့်လိပ်စာ၊ ရောင်းချသော ကုန်စည်များအတွက် ရောင်း ရငွေနှင့် ကျသင့်သော ကုန်သွယ်လုပ်ငန်းခွန်များ ကို ဖော်ပြရမည်။ )
- နေ့စဉ်အကြွေးရောင်းမှတ်တမ်းစာအုပ် (ရောင်းချသည့်ရက်စွဲနှင့်အကြွေးရောင်းပြေစာ အမှတ်၊ ဝယ်သူအမည် နှင့်လိပ်စာ၊ ရောင်းချသောကုန်စည်များအတွက် ရောင်းရငွေနှင့် ကျသင့်သော ကုန်သွယ်လုပ်ငန်းခွန်များကို ဖော်ပြရမည်။)
- ပြည်တွင်း၌ဝယ်ယူသည့် သို့မဟုတ် ပြည်ပမှတင်သွင်းသည့် တစ်ပိုင်းတစ်စ ပြုလုပ်ပြီး သော ကုန်စည်စာရင်းစာအုပ် (တစ်ပိုင်းတစ်စပြုလုပ်ပြီးသော ကုန်စည်အမျိုးအစားအလိုက် ခွဲခြားထားရှိရမည်။)(တစ်ပိုင်းတစ်စ ပြုလုပ် ပြီးသော ကုန်စည်အမျိုးအမည်၊ စာရင်းဖွင့်လက်ကျန် အရေအတွက်၊ တန်ဖိုး၊ ကျသင့်အခွန်တို့ကိုဖော်ပြရမည်။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ မှတ်ပုံတင် ထားသော ပြည်တွင်းထုတ်လုပ်သူထံမှ ဝယ်ယူသည့် သို့မဟုတ် ပြည်ပမှ တင်သွင်းသည့် ရက်စွဲအလိုက် အရေအတွက် တန်ဖိုး၊ ကျသင့်အခွန်ပေါင်းကို ဖော်ပြရမည်။ လတစ်လအတွင်းရောင်းချသည့် ကုန်ချောတွင် ပါဝင်သည့် တစ်ပိုင်းတစ်စပြုလုပ်ပြီးသော ကုန်စည်အပေါ် ကျသင့်ခဲ့သော အခွန်ကို ဖော်ပြရမည်။)
- ကုန်ချောကုန်စည်စာရင်းစာအုပ်(ရောင်းစျေးတူညီသော ကုန်ချောအလိုက် စာရင်းဖွင့် လက်ကျန် ထုတ်လုပ်သည့်အရေအတွက်၊ ရောင်းချသည့် အရေအတွက်နှင့် စာရင်းပိတ် လက်ကျန်တို့ကို ဖော်ပြရမည်။)
(၂) ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း
- နေ့စဉ်ခရီးသည်တင်ခ လက်မှတ်ရောင်းမှတ်တမ်းစာအုပ် (ခရီးစဉ်အစနှင့် ခရီးစဉ် အဆုံးကိုဖော်ပြ၍ ရက်စွဲအလိုက် ရောင်းချရသည့်လက်မှတ်ကို လူကြီးခ၊ ကလေးခ (ရှိလျှင်) ခွဲခြားပြီး နံပါတ်အစမှ ရောင်းချရသည့် နံပါတ်အထိ စုစုပေါင်းစောင်ရေ၊ ရယူ သည့်နှုန်းနှင့် ရငွေစုစုပေါင်း၊ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်၊ ပေးသွင်းသည့် ကုန်သွယ် လုပ်ငန်းခွန်၊ ရက်စွဲနှင့် ချလန်အမှတ်တို့ကို အသွားခရီးအတွက်လည်းကောင်း၊ အပြန် ခရီးအတွက်လည်းကောင်း ခွဲခြားဖော်ပြရမည်။)
(၃) ကုန်စည်ဝယ်ယူရောင်းချသည့် ကုန်သွယ်မှုလုပ်ငန်း
- နေ့စဉ်ကုန်ဝယ်မှတ်တမ်းစာအုပ် ( ကုန်စည်အမျိုးအမည်အလိုက်ခွဲခြား ထားရှိရမည်) (ဝယ်ယူသည့်ရက်အလိုက်ပြေစာအမှတ်၊ အရေအတွက်နှင့် ကျသင့်ခဲ့သောအခွန်တို့ကို ဖော်ပြရမည်။)
- နေ့စဉ်ကုန်ရောင်းမှတ်တမ်းစာအုပ်(ကုန်စည်အမျိုးအမည်အလိုက် ခွဲခြားထားရှိရမည်။)(ရောင်းချသည့်ရက်အလိုက် ပြေစာအမှတ်၊ အရေအတွက်၊ ကုန်ရောင်းတန်ဖိုး၊ ကျသင့် အခွန်တို့ကိုဖော်ပြရမည်။)
- အခွန်ခုနှိမ်မှုမှတ်တမ်းစာအုပ် (ကုန်စည်အမျိုးအမည်အလိုက် ခွဲခြားထား ရှိရမည်။) (ကုန်သွယ်လုပ်ငန်းခွန်ဉပဒေအရ မှတ်ပုံတင်ထားသည့် ကုန်သွယ်မှုလုပ်ငန်းရှင်ထံမှ ကုန်စည်များကို အခွန်ပါသောစျေးနှုန်းဖြင့် ဝယ်ယူမှုများအား နေ့စဉ်ကုန်ဝယ်မှတ်တမ်း စာအုပ်တွင် ရေးသွင်းချက် အမှတ်စဉ်ကို ရည်ညွှန်းဖော်ပြ၍ ဝယ်ယူသည့်အရေအတွက်၊ အခွန်အပါအဝင် စုစုပေါင်းအဝယ်တန်ဖိုးတို့ကို တစ်လချင်း ဖော်ပြရမည်။ အဆိုပါ ကုန်စည်များရောင်းချမှုကို နေ့စဉ်ကုန်ရောင်းမှတ်တမ်း စာအုပ်တွင် ရေးသွင်းချက် အမှတ်စဉ်ကို ရည်ညွှန်းဖော်ပြ၍ ရောင်းချသည့် အရေအတွက်၊ အခွန် အပါအဝင် စုစုပေါင်းအရောင်းတန်ဖိုးတို့ကို တစ်လချင်းဖော်ပြရမည်။ အဆိုပါကုန်စည်ရောင်းရငွေအပေါ် ပေးဆောင်ရန်ရှိသောလ တစ်လအတွက် အခွန်ငွေပေါင်းမှ အဆိုပါလ အတွင်း ထိုသို့ ရောင်းချသည့်ကုန်စည်အပေါ် ဝယ်ယူစဉ်က ကျသင့်ခဲ့သည့်အခွန်ကို ခုနှိမ်၍ ကျန်အခွန်ငွေကို တွက်ချက်ဖော်ပြရမည်။)
(၄) ကော်မရှင်စားလုပ်ငန်းနှင့်ပွဲရုံလုပ်ငန်း
- နေ့စဉ်ကုန်ရောင်းမှတ်တမ်းစာအုပ်(ကုန်ရောင်းပြေစာ အမှတ်စဉ်အလိုက် ကုန်ပေးပို့ အပ်နှံသူ အမည်နှင့်လိပ်စာ၊ ကုန်ဝယ်သူအမည်နှင့်လိပ်စာ၊ ရောင်းချသည့်ကုန်စည် အမျိုးအမည်၊ အရေအတွက်၊ ရောင်းစျေးနှုန်း၊ အခွန်မပါအရောင်းတန်ဖိုး၊ ကျသင့် အခွန်၊ အခွန်အပါအဝင် အရောင်းတန်ဖိုး တို့ကို နေ့စဉ်ရေးသွင်း၍ ဆင့်တိုး စုစုပေါင်းပြီး လစဉ်ပေးသွင်းသည့် ကုန်သွယ်လုပ်ငန်းခွန်၊ ချလန်အမှတ်နှင့်ရက်စွဲကို ဖော်ပြရမည်။)
- အပ်ကုန်မှတ်တမ်းစာအုပ် (ကုန်ပေးပို့အပ်နှံသူတစ်ဉီးချင်းအလိုက် လည်းကောင်း၊ ကုန် အမျိုးအစားအလိုက် လည်းကောင်း ခွဲခြားဖော်ပြရမည်။) (ကုန်ပေးပို့အပ်နှံသူ အမည် နှင့်လိပ်စာ၊ ကုန်အမျိုးအမည်၊ လက်ခံရရှိသည့် ရက်စွဲနှင့် အရေအတွက်၊ ရောင်းချသည့် ရက်စွဲနှင့်အရေအတွက်၊ ကုန်ပြန်လည်ပေးပို့သည့် ရက်စွဲနှင့်အရေအတွက်၊ လက်ကျန် ကုန်၊ အပိုအလိုတို့ကို ကုန်ပေးပို့အပ်နှံသူ တစ်ဉီးချင်းအလိုက် လည်းကောင်း၊ ကုန် အမျိုးအစား အလိုက်လည်းကောင်း ခွဲခြားဖော်ပြရမည်။)
(၅) ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်း
- တည်းခိုခရငွေမှတ်တမ်းစာအုပ် (ငွေရသည့်ရက်၊ ငွေရပြေစာအမှတ်၊ တည်းခိုသူ အမည်၊ မှတ်ပုံတင်အမှတ်နှင့်လိပ်စာ၊ တည်းခိုသည့် ရက်စွဲများနှင့်ရက်ပေါင်း၊ တစ်ရက် တည်းခိုခနှုန်း၊ အခွန်မပါကျသင့်ငွေ၊ ကျသင့်အခွန်၊ အခြားရငွေ၊ စုစုပေါင်းရငွေ၊ တည်းခိုသည့်အခန်းအမှတ်တို့ကို ရက်စွဲအလိုက် ရေးသွင်းဖော်ပြပြီး တစ်လချင်း စာရင်းချုပ်နှင့်လအလိုက် ဆင့်တိုးစုစုပေါင်းပေးသွင်းသည့် ကုန်သွယ်လုပ်ငန်းခွန်၊ ရက်စွဲနှင့်ချလန် အမှတ်များဖော်ပြရမည်။)
(၆) စားသောက်ဆိုင်လုပ်ငန်း
- နေ့စဉ်အရောင်းမှတ်တမ်းစာအုပ်(မိမိရောင်းချသည့် အစားအသောက်များကို အရောင်း ပြေစာအမှတ်စဉ်အလိုက် ရောင်းရငွေစုစုပေါင်း၊ ကျသင့်အခွန်၊ အခွန်အပါအဝင် ရောင်းရငွေ စုစုပေါင်းတို့ကို ရက်စွဲအလိုက်ရေးသွင်း ဖော်ပြပြီး တစ်လချင်း စာရင်းချုပ် နှင့် လအလိုက်ဆင့်တိုး စုစုပေါင်း ပေးသွင်းသည့် ကုန်သွယ်လုပ်ငန်းခွန်၊ ရက်စွဲနှင့် ချလန်အမှတ်များ ဖော်ပြရမည်။)
အခွန်ခုနှိမ်နိုင်ရေးအတွက်ထားရှိရမည့်ပုံစံ
ကုန်သွယ်လုပ်ငန်းခွန် အခွန်ထမ်းအဖြစ်မှတ်ပုံတင်ထားသော လုပ်ငန်းရှင်အနေဖြင့် ကုန်စည်များကို ဝယ်ယူရာတွင်လည်းကောင်း၊ ရောင်းချရာတွင်လည်းကောင်း ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်အပေါ် အခွန်ခုနှိမ်ခွင့် ပြန်လည်ရရှိနိုင်ရေးအတွက် အောက်ပါစာရင်းပုံစံများ ထားရှိရန်လိုအပ်ပါသည်။
ရှင်းလင်းချက်
ငွေစာရင်း၊ ရောင်းရငွေစာရင်း၊ ဝင်ငွေစာရင်း၊ကုန်ဝယ်စာရင်း၊ ကုန်ကျစရိတ်စာရင်းစသည့် စာရင်း များ ရေးသွင်းရာတွင်-
ရက်စွဲ - လတစ်လ၏ လဆန်းမှစ၍ လကုန်အထိ ရက်စွဲများအလိုက် တစ်လချင်းစီ ရေးသွင်း ရန်၊
အကြောင်းအရာ - တစ်နေ့တာ ရသုံးပြေစာများအား အရ/အသုံးခေါင်းစဉ်များအလိုက် စုပေါင်း၍ စာရင်း ရေးသွင်းရန်၊
ပြေစာအရေအတွက် - တစ်နေ့တာတွင်ရှိသော ပြေစာအရေအတွက် အစဉ်လိုက်ကို ရေးသွင်းရန်
ချက်လက်မှတ် - ဘဏ်ဖြင့်လုပ်ဆောင်ချက်ရှိမှသာ ရေးသွင်းရန်
သုံးလတစ်ကြိမ် ကုန်ရောင်းကြေညာလွှာတင်သွင်းရမည့်ကာလမှာ သက်ဆိုင်ရာ သုံးလပတ် ကုန်ဆုံးပြီးနောက် တစ်လအတွင်း တင်သွင်းရပါမည်။ ကြိုတင်ခွန်ပေးသွင်းရမည့် ကာလမှာ လစဉ် လဆန်း ၁၀ ရက်အတွင်း ပေးသွင်းရန်ဖြစ်ပြီး စာရင်းများအား တစ်လလျှင် တစ်ကြိမ် စာရင်းချုပ်ရန်ဖြစ်ပါသည်။
စာရင်းများကိုထိန်းသိမ်းရမည့်ကာလ
သက်ဆိုင်ရာအခွန်ထမ်းသည် မိမိထားရှိရသည့်စာရင်းများ၊ ရသုံးပြေစာများကို ယင်းတို့နှင့် သက်ဆိုင်သည့် နှစ်ကုန်ဆုံးပြီး သုံးနှစ်အထိမပျက်စီးစေရန် ထိန်းသိမ်းထားရှိရမည်ဖြစ်ပါသည်။
နောက်ထပ်အသေးစိတ်သိရှိလိုသည့် အချက်အလက်များရှိပါက ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
ဖုန်း - ၀၆၇- ၄၃၀၀၇၃
ဖက်(စ်) - ၀၆၇- ၄၃၀၀၇၂
အီးမေးလ် - [email protected]
ဝက်ဘ်ဆိုဒ် - www.irdmyanmar.gov.mm