စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်

 

နောက်ခံသမိုင်း

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် ၁၉၅၄ခုနှစ်တွင်တည်ထောင်ခဲ့သော နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်၏ နိုင်ငံခြားလုပ်ငန်းမှ စတင်ပေါက်ဖွားလာခြင်း ဖြစ်ပါသည်။ ၁၉၆၃ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် တိုင်းရင်းသားပိုင်နှင့် နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးဘဏ်များအားလုံးကို နိုင်ငံပိုင်ပြုလုပ်ခဲ့ပါသည်။ ၁၉၇၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ(၁) ရက်နေ့တွင် နိုင်ငံတော်ကူးသန်း ရောင်းဝယ်ရေးဘဏ်၊ နိုင်ငံတော်စိုက်ပျိုးရေးဘဏ် နိုင်ငံပိုင်ပြုလုပ်ထားသော ပုဂ္ဂလိကဘဏ်များအား ထပ်မံပေါင်းစည်း ဖွဲ့စည်းခဲ့ပါသည်။ ၄င်းအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့ဘဏ်၊ နိုင်ငံခြားငွေဌာနအမည်ဖြင့် နိုင်ငံခြားငွေလုပ်ငန်းများကို ဆောင်ရွက်ပေးသည့် တစ်ခုတည်းသော ဘဏ်လုပ်ငန်းဌာန ဖြစ်ပါသည်။ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းအား စီးပွားရေးဆန်ဆန်ဆောင်ရွက်ရန်ချမှတ်ပေးခဲ့သော လမ်းညွှန်ချက်များနှင့်အညီ ဘဏ်စနစ်အနေဖြင့်လည်း စီးပွားရေး ဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၅ခုနှစ်တွင် ဘဏ်ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဘဏ်ဥပဒေအသစ်အရ ၁၉၇၆ခုနှစ်၊ ဧပြီလ(၁) ရက်နေ့စတင်၍ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့စိုက်ပျိုးရေးဘဏ်နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ဟူ၍ ဘဏ်(၄)ခုခွဲကာ ဘဏ်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ(၄) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော်ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေအရ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် ထိုနေ့တွင် ဖွဲ့စည်းတည်ထောင်ပြီးဖြစ်သည်။ ယခုအချိန်တွင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့် (၂၅-၁-၂၀၁၆)နေ့တွင် ပြဋ္ဌာန်းခဲ့သော ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၂၀၁၆ နှင့်အညီ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း၊ ပြည်တွင်းဘဏ်လုပ်ငန်းနှင့် ATM Card Services ဝန်ဆောင်မှုစသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မူဝါဒ

(က) ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံပိုင်ဘဏ်အနေဖြင့် မူဝါဒရေးရာအထောက်အကူပြုခြင်းအပြင် ဘဏ်လုပ်ငန်းအပေါ် ပြည်သူ၏ ယုံကြည်ကိုးစားမှုပိုမိုရရှိရေး ဆောင်ရွက်ရန်၊

(ခ) နိုင်ငံတော်နှင့်ပြည်သူလူထု၏  အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ဘဏ်များ၏အခန်းကဏ္ဍမှ ပိုမိုအားဖြည့်ဆောင်ရွက်ရန်၊

ရည်ရွယ်ချက်

(က) အစိုးရ၏မူဝါဒအကောင်အထည်ဖော်မှုကို ပံ့ပိုးပေးရန်။

(ခ) မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်။

ရည်မှန်းချက်

(က) အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းစနစ်များကို မျက်ခြေမပြတ်လေ့လာသုံးသပ်၍ အများပါဝင်သော ဘဏ္ဍာရေးနှင့်ငွေကြေးဝန်ဆောင်မှု စနစ်ဖြစ်ပေါ်ရေး၊ MSDP ရည်မှန်းချက် ပန်းတိုင်နှင့် လိုက်လျောညီထွေမှုရှိသော ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကိုပေးနိုင်ရေး ဉီးတည်ဆောင်ရွက်ပေးပါမည်။

(ခ) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုအားပေးမြှင့်တင်ပေးရန်။

(ဂ) တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်ပွင့်လင်းမြင်သာမှုရှိသောဝန်ဆောင်မှုများ ပိုမိုတိုးတက်လာစေရန်။

(ဃ) ‌ငွေရေးကြေးရေးအခန်းကဏ္ဍ ခေတ်မီဖွံဖြိုးတိုးတက်လာစေရန်။

(င) ဘဏ်ဝန်ဆောင်မှုဆောင်ရွက်ရာတွင် Financial service နှင့်အတူ Non-Financial service ဝန်ဆောင်မှုများလည်း ပြည်သူ့အကျိုးအတွက်ဆောင်ရွက်ပါမည်။

(စ) ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ဘဏ္ဍာရေးဝန်ဆောင်မှုများကို စနစ်တကျဆောင်ရွက်စေရန်။

ဖွဲ့စည်းမှု

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် အောက်ဖေါ်ပြပါ အတိုင်း ဌာနခွဲ (၁၂) ခု ဖွဲ့စည်းထားရှိပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စအ၀၀ကို ဆောင်ရွက်လျက် ရှိပါသည်။

- စီမံခန့်ခွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲ

- စာရင်းဌာနခွဲ

- ငွေကြေး ‌ဈေးကွက်နှင့် ၊ ကတ်နှင့် SWIFT ဌာနခွဲ

- သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ

- နိုင်ငံခြားငွေကြီးကြပ်ရေးနှင့် ငွေလွှဲဌာနခွဲ

- ချေးငွေနှင့် ဘဏ်အာမခံဌာနခွဲ

- ပို့ကုန်ဌာနခွဲ

- သွင်းကုန်ဌာနခွဲ

- ဘဏ်တွင်းစာရင်းစစ်ဌာန

- ငွေကြေးခဝါချမှုစိစစ်ရေးဌာနခွဲ

- သုတေသန၊ မူဝါဒနှင့် ဉပဒေရေးရာဌာနခွဲ

- နိုင်ငံတကာဆက်ဆံရေးနှင့် အဆက်သွယ်ဘဏ်များဌာနခွဲ

နိုင်ငံတော်အကျိုးသယ်ပိုးထမ်းဆောင်နိုင်မှု

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ သမဝါယမကဏ္ဍမှ စီးပွားရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ၊ နိုင်ငံတကာကူးသန်းရောင်း၀ယ်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာကြသည်နှင့်အညီ အဆိုပါလုပ်ငန်းများ၏ ငွေရေးကြေးရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် နိုင်ငံတော်ပိုင်ဘဏ်တစ်ခုအနေဖြင့် အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ ဆောင်ရွက်နေသည့်လုပ်ငန်းဆိုင်ရာ အချက်အလက်များအား အောက်ပါအတိုင်းဖြစ်ပါသည် -

(က) မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ကမ္ဘာအနှံ့ရှိမိမိတို့၏ အဆက်အသွယ်ဘဏ်များနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်တွင်းဘဏ်လုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

(ခ) (၁) ကျပ်ငွေ၊ နိုင်ငံခြားငွေဖြင့် စာရင်းရှင်စာရင်းနှင့် ပုံသေအပ်နှံငွေစာရင်း ဖွင့်လှစ်ပေးခြင်း၊ ကျပ်ငွေဖြင့် ငွေစုဘဏ်စာရင်းဖွင့်လှစ်ပေးခြင်း၊

      (၂) ငွေလွှဲစာတမ်းများကို ဖွင့်လှစ်ပေးခြင်း၊ အကြောင်းကြားခြင်းနှင့် အတည်ပြုပေးခြင်း၊

     (၃) Bill of Exchange များကိုရေးဆွဲခြင်း၊ လက်ခံခြင်းနှင့်ကောက်ခံခြင်း၊

     (၄) ဘဏ်အာမခံများကို ထုတ်ပေးခြင်း၊ အကြောင်းကြားပေးခြင်း၊

     (၅) ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့ပေးခြင်း၊ ချေးငွေ ထုတ်ပေးခြင်း၊

     (၆) ဘဏ်အချင်းချင်း ချေးငွေဆောင်ရွက်ပေးခြင်း၊

     (၇) အစိုးရဌာနများ၏ စီမံကိန်းချေးငွေလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊

     (၈) ပြည်တွင်းပြည်ပသို့ ငွေလွှဲပေးပို့ခြင်း၊

     (၉) MPU Card ဝန်ဆောင်မှုလုပ်ငန်း၊

    (၁၀) Credit Card များ၊ ခရီးသွားချက်လက်မှတ်များကို ကောက်ခံပေးခြင်း၊

    (၁၁) နိုင်ငံခြားငွေဝယ်ယူခြင်း၊ ရောင်းချခြင်း၊

   (၁၂) ငွေလွှဲလက်မှတ်နှင့် ငွေပေးအမိန့်များ ထုတ်ပေးခြင်း၊

(ဂ) မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ ဝန်ဆောင်မှုပေးလျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍  အသေးစိပ် အချက်အလက်များကို  https://www.mmftb.gov.mm  တွင် ဖော်ပြထားပါသည်။ ထို့အပြင် [email protected] သို့လည်း email ဖြင့် အချိန်မရွေးဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။