စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များအကြောင်းသိကောင်းစရာ

 

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ ဘာကြောင့် လိုအပ်ပါသလဲ

            ယနေ့ခေတ် အခါသမယတွင် ကမ္ဘာ့နိုင်ငံများ၏ တူညီသည့် အရေးအကြီးဆုံးသော ရည်မှန်းချက်သည် ဘက်ညီမျှတသည့် ဖွံ့ဖြိုးမှု ရရှိရေးပင် ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု နည်းပါးသည့် နိုင်ငံများသည် နိုင်ငံတစ်ဝှမ်း အားလုံးအကျုံးဝင်သည့် ဖွံ့ဖြိုးမှု ရရှိစေရေး ကြိုးပမ်းနေသကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများသည်လည်း ၎င်းတို့ ရရှိပြီးဖြစ်သည့် တိုးတက်မှု တည်တံ့စေရေး အားထုတ်ကြိုးပမ်းနေကြပါသည်။ ဖွံ့ဖြိုးမှုအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုသာမက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်စေပြီး လူမှုဘဝ အရည်အသွေး တိုးတက်လာစေခြင်း ဖြစ်သည်ဟု ယေဘုယျအားဖြင့် လက်ခံထားပါသည်။

            ၂၁ ရာစုအရောက်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှု၏ အသီးအပွင့်များအား ညီမျှစွာ ရရှိ ခံစားနိုင်ရေးအတွက် ထောင်စုနှစ်ရည်မှန်းချက်ပန်းတိုင်များအား ထောင်စုနှစ်ကြေငြာ စာတမ်း အဖြစ် စတင်ကျင့်သုံးခဲ့ပါသည်။ အဆိုပါ ပန်းတိုင်များအား ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ (၁၅) နှစ်အတွင်း အကောင်အထည်ဖော်ဆောင်သွားရန် သတ်မှတ်ခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် ပန်းတိုင်များအား ဖော်ဆောင်ရာတွင် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရပြီး လုပ်ငန်းအများစုသည် မပြီးပြတ်ပဲ ကျန်ရှိနေခဲ့ပါသည်။ ထို့အတွက် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ပို၍ အသေးစိတ်ကျကာ ပြီးပြည့်စုံသည့် လုပ်ငန်းအစီအစဉ်အဖြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များကို အကောင်အထည်ဖော်သွားရန် အတည်ပြုခဲ့ကြ ပါသည်။ အဆိုပါ ပန်းတိုင်များသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ၂၀၃၀ ပြည့်နှစ်အထိ ၁၅ နှစ်ကြာအောင် အကောင်အထည်ဖော်သွားမည့် ကာလရှည် ဖွံ့ဖြိုးရေး လုပ်ငန်းရပ်များလည်း ဖြစ်ပါသည်။

            စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို လေ့လာကြည့်ပါက ပန်းတိုင်များနှင့် ရည်မှန်းချက်များသည် ကမ္ဘာသူကမ္ဘာသားများ အားလုံးအတွက် ပို၍ ကျယ်ပြန့်သည့် လွှမ်းခြုံမှုနှင့် သာတူညီမျှ အခွင့်အရေးတို့ကို ဖော်ဆောင်နေသည်ကို တွေ့ရှိရပါသည်။ ပန်းတိုင် (၁၇) ခု၊ ရည်မှန်းချက် (၁၆၉) ခုနှင့် တိုင်းတာမည့် ညွှန်ကိန်း (၂၃၂) ခု တို့ရှိ သော်လည်း နိုင်ငံများအနေဖြင့် အဆိုပါ ပန်းတိုင်နှင့် ရည်မှန်းချက်များအားလုံးကို အကောင် အထည်ဖော်ဆောင်ရန် မလိုအပ်ပေ။ မိမိတို့ နိုင်ငံ၏ ဖွံ့ဖြိုးမှု အနေအထားနှင့် လိုအပ်ချက် အပေါ် မူတည်၍ လျော်ညီမှု ရှိသည်များကိုသာ အကောင်အထည်ဖော်ဆောင်ရန် အရေးကြီး ပါသည်။ နိုင်ငံအဆင့်၊ ဒေသန္တရအဆင့်နှင့် ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးမှုစီမံကိန်းများတွင် ထည့်သွင်း ဖော်ဆောင်နိုင်ရေးအတွက်မူ ညွှန်ကိန်းများ လိုအပ်ပါသည်။ ပန်းတိုင်များနှင့် ရည်မှန်း ချက်များ ပြည့်မီမှုအား သုံးသပ်ရန်အတွက် နိုင်ငံအများစုတွင် အမျိုးသားစာရင်းအင်းရုံးများ မှ စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်း (Monitoring and Evaluation) လုပ်ငန်းများကို ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

 

ကမ္ဘာ့နိုင်ငံများအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၁၇) ခု

ပန်းတိုင်(၁)-        နေရာတိုင်းတွင် ဆင်းရဲနွမ်းပါးမှုပုံစံအမျိုးမျိုး အဆုံးသတ်ရေး

ပန်းတိုင်(၂)-         ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ အစားအစာ ဖူလုံရေး၊ အာဟာရ ပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး

ပန်းတိုင်(၃)-        သက်ရွယ်မရွေး လူတိုင်းစေ့ ကျန်းမာရေးနှင့် သာယာဝပြောရေး

ပန်းတိုင်(၄)-        အရည်အသွေးပြည့်ဝသည့် ပညာသင်ယူနိုင်ရေးနှင့် ဘဝတစ်လျှောက်လုံး အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းများကို လူသားအားလုံး ပါဝင်ကာ သာတူညီမျှ ရရှိရေး

ပန်းတိုင်(၅)-        ကျား-မ တန်းတူညီမျှမှု ရရှိရေးနှင့် အမျိုးသမီးများနှင့် အမျိုးသမီး ငယ်များ  အားလုံး စွမ်းပကား တိုးမြင့်စေရေး

ပန်းတိုင်(၆)-        လူသားတိုင်း လက်လှမ်းမီ ရရှိသော သောက်သုံးရေနှင့် မိလ္လာစနစ် ရရှိရေးနှင့် စဉ်ဆက်မပြတ်သော စီမံခန့်ခွဲမှု ဖြစ်ပေါ်စေရေး

ပန်းတိုင် (၇)-       လူသားတိုင်း လက်လှမ်းမီ ရရှိသော၊ စိတ်ချရသော၊ ရေရှည်တည်တံ့ ခိုင်မြဲသော၊ ခေတ်မီစွမ်းအင် ရရှိရေး

ပန်းတိုင်(၈)-        စဉ်ဆက်မပြတ် ဖြစ်ထွန်းပြီး အားလုံးအကျုံးဝင်သော ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်သားပြည့် အလုပ်အကိုင်ရရှိရေးနှင့် အားလုံး အတွက် ထုတ်လုပ်နိုင်စွမ်းရှိ၍ သင့်တင့်လျောက်ပတ်သော အလုပ် အကိုင် ရရှိစေရေး၊

ပန်းတိုင်(၉)-        ကြံခိုင်သော အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ အားလုံး အကျုံးဝင်ပြီး ရေရှည်တည်တံ့သည့် စက်မှုလုပ်ငန်း ထူထောင်ရေးနှင့် ဆန်းသစ် တီထွင်မှုများကို အားပေး မြှင့်တင်ပေးရေး

ပန်းတိုင်(၁ဝ)-      နိုင်ငံတွင်းနှင့် နိုင်ငံများအကြား မညီမျှမှုလျှော့ချရေး

ပန်းတိုင်(၁၁)-      အားလုံးအကျုံးဝင်သော၊ ဘေးကင်းလုံခြုံမှုရှိသော၊ ကြံ့ခိုင်မှုရှိသော၊ ရေရှည်တည်တံ့နိုင်သော မြို့ပြများနှင့် လူနေရပ်ကွက်များ ထူထောင်ရေး

ပန်းတိုင်(၁၂)-      စဉ်ဆက်မပြတ် စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံများ ဖြစ်ပေါ်စေရေး

ပန်းတိုင်(၁၃)-      ရာသီဥတု ပြောင်းလဲမှုနှင့် ယင်း၏ အကျိုးသက်ရောက်များ လျော့ပါး စေရေးအတွက် အရေးကြီးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး

ပန်းတိုင်(၁၄)-      စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေရန် ပင်လယ်၊ သမုဒ္ဒရာ နှင့် ရေချိုသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည် တည်တံ့နိုင်သည့် နည်းလမ်းဖြင့် အသုံးပြုရေး

ပန်းတိုင်(၁၅)-      ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အား ကာကွယ်ထိန်းသိမ်းပြီး ရေရှည် တည်တံ့အောင် အသုံးပြုရေး၊ သစ်တောများ ရေရှည်တည်တံ့စေရန် စီမံ ခန့်ခွဲရေးနှင့် သဲကန္တာရများ ဖြစ်ထွန်းမှု ပပျောက်စေရေး၊ မြေယာ ပြုန်းတီး ယိုယွင်း ပျက်စီးမှု ရပ်တံ့စေရေးနှင့် ဇီဝမျိုးစုံကွဲများ ပြုန်းတီးမှု ရပ်တံ့စေရေး

ပန်းတိုင်(၁၆)-      စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်း၍ အားလုံး ပါဝင် နိုင်သော လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်တိုးတက်ရေး၊ အားလုံးအတွက် တရားမျှတမှု ရရှိစေရေးနှင့် အဆင့်တိုင်း၌ ထိရောက်မှုရှိသော၊ တာဝန် ယူမှု/ တာဝန်ခံမှုရှိသော၊ လူတိုင်းအကျုံးဝင်သော  အဖွဲ့အစည်းများ ထူထောင်ရေး

ပန်းတိုင်(၁၇)-      အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ နည်းလမ်းများ ခိုင်မာအား ကောင်းစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာလုံး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ရှင်သန်အားကောင်းစေရေး

 

မြန်မာနိုင်ငံနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ

မြန်မာနိုင်ငံသည် နိုင်ငံ၏ ရည်မှန်းချက်များ၊ ဦးစားပေးများနှင့်အညီ လိုက်လျော ညီထွေရှိစေသည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေပါသည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုများအနက် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အကြား ဘက်ညီမျှမှု ရှိစေရေးအား ဦးစားပေးအဖြစ် အစဉ်အမြဲ လုပ်ဆောင်နေပါသည်။ စီးပွားရေး၊ ကျန်းမာရေး၊ အစားအစာနှင့် သဘာဝပတ်ဝန်းကျင်၊ ပုဂ္ဂိုလ်ရေးနှင့် လူမှုအသိုင်းအဝိုင်း အပါအဝင် နိုင်ငံရေးအရ လုံခြုံစိတ်ချရမှု အားလုံးအား ထည့်သွင်းစဉ်းစား၍ နိုင်ငံသား တစ်ဦးချင်းစီ၏ လုံခြုံစိတ်ချရမှု (Human Security) ကို ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားသည့် ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုအား ဖော်ဆောင်လျက် ရှိပါသည်။

            မြန်မာနိုင်ငံ၏ ထောင်စုနှစ်ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီမှုအား ပြန်လည်သုံးသပ် ရမည်ဆိုပါက လွန်ခဲ့သော နှစ်များအတွင်း အတန်အသင့် တိုးတက်မှုများ ရှိခဲ့သော်လည်း လူသားတို့အတွက် အခြေခံအဖြစ် ရရှိရမည့် အခွင့်အရေးများဖြစ်သည့် ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများ ရရှိမှုတွင် အလုံးစုံ တိုးတက်မှု မရရှိနိုင်ခဲ့သေးသည်ကို သိသာ ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းရပ်များသည် MDGs ၏ မပြီးပြတ်သေးသည့် ကြိုးပမ်းမှုများအဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါ သည်။ အစိုးရအနေဖြင့် ကျေးလက်ဒေသ အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းခြင်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးအား ဇောင်းပေးဆောင်ရွက်နေသည့်အချိန် တစ်ဆက်တည်းမှာပင် မြို့ပြ လူနေမှု တိုးတက်လာခြင်း၏ အကြပ်အတည်းများ မြင့်တင်လာခြင်းအား ရင်ဆိုင်နေရခြင်း မှာ မငြင်းနိုင်သည့် အချက်ပင် ဖြစ်ပါသည်

            ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် SDGs လုပ်ငန်းရပ်များသည် နိုင်ငံ၏ ဖွံ့ဖြိုးမှု စီမံကိန်းများနှင့်လည်း လျော်ညီမှု အပြည့်အဝရှိသည်ကို ကောင်းစွာ သိရှိ နားလည်ထားပါသည်။ ထို့ကြောင့် အဆိုပါ ပန်းတိုင်များအတွက် မူဝါဒဆိုင်ရာ ထောက်ခံ အားပေးမှုများ အခိုင်အမာ ရရှိနေသည့်နည်းတူ ပန်းတိုင်များသည် မြန်မာနိုင်ငံ၏ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် အထောက်အကူပြုမည်ဟုလည်း ခိုင်မာစွာ ယုံကြည် လက်ခံထားပါသည်။

            အလုံးစုံဖွံ့ဖြိုးတိုးတက်မှုနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံမှ လွတ်မြောက်ရန်အတွက် နိုင်ငံ အတွင်း တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုရှိစေရန် လိုအပ်နေပါသည်။ ထို့အတွက် ပါဝင်ပတ်သက်သူ များအားလုံးမှ ကဏ္ဍအသီးသီးတွင် ပိုမို နီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှုများ လိုအပ် ပါသည်။ ထို့အပြင် SDGs သဘောတရားများသည် နိုင်ငံတော်မှ ချမှတ်ထားသော စဉ်ဆက် မပြတ်ဖြစ်မှု၊ သာတူညီမျှမှုနှင့် အလုံးစုံတိုးတက်မှုကို ဦးတည်သည့် စီးပွားရေးမူဝါဒ ၁၂ ရပ် နှင့်လည်း ကိုက်ညီမှု ရှိပါသည်။

 

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရေး အဓိက ပါဝင်လှုပ်ရှားမည့်သူများ (ပါဝင်ပတ်သက်သူအားလုံးဖြင့် ချဉ်းကပ်ခြင်း)

            မြန်မာနိုင်ငံအတွင်း SDGs ပန်းတိုင်များ အကောင်အထည်ဖော်ရာတွင် ပေါင်းစပ် ညှိနှိုင်းရေး ယန္တရားအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အဓိက ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ပန်းတိုင်များ၊ ရည်မှန်းချက်များနှင့် ညွှန်ကိန်းများ အားလုံးပြည့်မီစေ ရေးအတွက် ထိရောက်ကောင်းမွန်သည့် ညှိနှိုင်းပေါင်းစပ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ယန္တရား လိုအပ်ပါသည်။

            မြန်မာနိုင်ငံ၏ အမျိုးသားစာရင်းအင်းရုံးဖြစ်သည့် ဗဟိုစာရင်းအင်းအဖွဲ့သည့် SDGs ပန်းတိုင်များအား စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းအတွက် National Focal အဖြစ် ဆောင်ရွက်နေပါသည်။ ဗဟိုစာရင်းအင်းအဖွဲ့သည် SDGs ဆိုင်ရာ ညွှန်ကိန်းများ တွက်ချက် ရာတွင် အမျိုးသားစာရင်းအင်းစနစ်၏ စွမ်းဆောင်ရည်အား သိရှိနိုင်ရေးအတွက် အကဲဖြတ် လုပ်ငန်းများကို SDGs ၏ အစပိုင်းနှစ်ဖြစ်သည့် ၂၀၁၆ ခုနှစ် အစပိုင်းကတည်းကပင် ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိမြေပြင်တွင် အမှန်တကယ် ဖြစ်ပေါ်နေမှုများကို ထင်ဟပ်စေမည့် သက်သေပြည့်ဝသည့် စာရင်းအချက် အလက်များ ရရှိနိုင်ရေးအတွက် Statistical Platform တစ်ရပ်အား ဖော်ဆောင်ရန် စာရင်းအချက် အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီအား ဖွဲ့စည်းပြီး ဖြစ်ပါသည်။

            SDGs ပန်းတိုင်များသည် အစိုးရ၊ ပုဂ္ဂလိက၊ အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်း၊ ပြည်သူလူထုနှင့် အခြားသော အဆင့်အမျိုးမျိုးရှိ ပါဝင်ဆောင်ရွက်သူများ အားလုံး၏ အတူ တကွ ဟန်ချက်ညီညီ ပူးပေါင်းအားထုတ်မှု လိုအပ်ပါသည်။ သို့မှသာ ကမ္ဘာ့ခေါင်းဆောင် အသီးသီးမှ ကတိကဝတ်ပြုထားသည့် နက်ရှိုင်းကျယ်ပြန့်လှသည့် ပန်းတိုင်များအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။

            SDGs အား ဒေသအခြေအနေနှင့် လျော်ညီစေရေး အသွင်ပြောင်းဆောင်ရွက်ရာတွင် ပြည်သူများ၏ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ရရှိစေရေးအတွက် အသိပညာ မြှင့်တင်နိုင်ရေး၊ ပါဝင်ပတ်သက်သူများနှင့် ဆွေးနွေးတိုင်ပင်၍ ပါဝင်ဆောင်ရွက်စေရေး၊ ဦးစားပေးများ သတ်မှတ်ရေးတို့အား မူဝါဒဆိုင်ရာ ဦးဆောင်မှုနှင့် အုပ်ချုပ်မှု ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများမှတစ်ဆင့် ဖြစ်ပေါ်စေရန် ဖြစ်ပါသည်။

            အချုပ်ဆိုရပါမူ SDGs သည် ပန်းတိုင်တစ်ခုနှင့် တစ်ခုအကြား အချင်းချင်း ချိတ်ဆက်နေပါသည်။ ပန်းတိုင်တစ်ခုချင်းအောက်ရှိ ဗျူဟာများနှင့် လုပ်ငန်းဆောင်ရွက် ချက်များသည် အခြားသောပန်းတိုင်များ ပြည့်မီစေရေးအတွက် အထောက်အကူ ပြုမည် ဖြစ်ပါသည်။ သို့ရာတွင် ရည်မှန်းချက်တစ်ခုချင်းစီအတွက် သီးခြားမူဝါဒတစ်ခုတည်း ချမှတ် လုပ်ဆောင်ရန် မလုံလောက်သကဲ့သို့ ဝန်ကြီးဌာနအသီးသီး၏ ဘက်စုံ ရှုထောင့်စုံမှ ချမှတ် ထားသည့် မူဝါဒများသည် ရည်မှန်းချက် တစ်ခုချင်းစီအတွက် အထောက်အကူ ပြုစေမည် ဖြစ်ပါသည်။ SDGs ၏ သဘောသဘာဝအရ ပါဝင်ပတ်သက်သူများ အားလုံးနှင့် မိတ်ဖက် များအကြား ခိုင်မာ တောင့်တင်းသည့် ညှိနှိုင်း ဆောင်ရွက်မှု လိုအပ်ပြီး သို့မှသာ ပြီးပြည့် စုံသည့် ဖွံ့ဖြိုးမှု မူဝါဒများ၊ ဗျူဟာများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။

 

SDGs ဆိုင်ရာ စာရင်းအချက်အလက်များ ရရှိရေး ကြိုးပမ်းမှုများ

         ဗဟိုစာရင်းအင်းအဖွဲ့နှင့် UNDP မှ စာရင်းအင်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ပူးပေါင်း၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ညွှန်ကိန်းအသစ်များ တွက်ချက်တိုင်းတာနိုင်ရေး မြန်မာနိုင်ငံ၏ စာရင်းအင်း ရရှိနိုင်မှု အခြေအနေအား အကဲဖြတ်မှု အစီရင်ခံစာကို ၂၀၁၆ ခုနှစ် မေလတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်နိုင်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ညွှန်ကိန်းများအရ ညွှန်ကိန်း (၂၃၀) ကျော်ခန့် သာ ရှိသော်လည်း တွက်ချက်မှု လွယ်ကူစေရေးအတွက် အချို့သော ညွှန်ကိန်း များကို အခွဲအဖြစ် ထပ်မံ ဖြည့်သွင်းထားသဖြင့် အစီရင်ခံစာတွင် စုစုပေါင်း ညွှန်ကိန်း (၂၈၈) ခု ၏ ရရှိနိုင်မှု အခြေအနေများအား အမျိုးအစား (၇) မျိုးဖြင့် ခွဲခြား ဖော်ပြထားပါသည်။ ထိုသို့ ခွဲခြားရာတွင် အသင့်ရရှိနိုင်သော ညွှန်ကိန်းများ၊ အနည်းငယ် အားစိုက်တွက်ချက်ရုံဖြင့် ရရှိနိုင် သော ညွှန်ကိန်းများ၊ ပို၍ ကြိုးပမ်း အားထုတ် မှုများ ပြုလုပ်မှသာ ရရှိနိုင်သော ညွှန်ကိန်းများ စသည်ဖြင့် ခွဲခြားဖော်ပြခြင်းပင် ဖြစ်ပါသည်။    

တစ်ဆက်တည်းမှာပင် ဗဟိုစာရင်းအင်းအဖွဲ့သည် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင် အခြေခံနှစ် ညွှန်ကိန်းအစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် UNDP နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် Final Draft အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ညွှန်ကိန်းများအရ မြန်မာနိုင်ငံ၏ ၂၀၁၆ ခုနှစ် အခြေခံနှစ်တွင် ရှိနေသည့် အခြေအနေကို တိုင်းတာမည် ဖြစ်ပြီး လိုအပ်သည့် ဖွံ့ဖြိုးမှု နယ်ပယ်နှင့် ဦးစီးပေးလုပ်ငန်း များကို သတ်မှတ်နိုင်ရေးအတွက် ထည့်သွင်းစဉ်းစားနိုင်မည် ဖြစ်ပါသည်။ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ညွှန်ကိန်းများကို အရှေ့တောင် အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ ညွှန်ကိန်းများဖြင့် နှိုင်းယှဉ်ဖော်ပြထားပြီး ညွှန်ကိန်း စုစုပေါင်း ၆၁% ခန့်၏ အခြေခံနှစ် တန်ဖိုးများ ပါဝင်ကာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ အကုန်ခန့်တွင် အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်နိုင်မည် ဖြစ်ပါသည်။

Description: C:\Users\Daw Yu Yu Naing\Desktop\Baseline Final_cover.jpg

ညွှန်ကိန်းများ တွက်ချက်ရာတွင် အထောက်အကူ ပြုနိုင်ရေးအတွက် တွက်ချက်မှု နည်းလမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းများ (၁-၂-၂၀၁၇ ရက်နေ့မှ ၈-၂-၂၀၁၇ ရက်နေ့အထိ) ကိုလည်း ဗဟိုစာရင်းအင်းအဖွဲ့ သင်တန်းခန်းမ၌ ပြုလုပ် ခဲ့ရာ သက်ဆိုင်ရာ ဌာနများမှ စာရင်းအင်း လုပ်ငန်းများကို လက်တွေ့ ဆောင်ရွက်နေသည့် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

 

 

 

 

ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ

         မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည်နှင့်အညီ ထောင်စုနှစ်ရည်မှန်းချက် ပန်းတိုင်များ အကောင်အထည်ဖော်စဉ်ကတည်းကပင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ ရပြီး လုပ်ငန်းများစွာအား ရှေ့ဆက် လုပ်ဆောင်ရဦးမည် ဖြစ်ပါသည်။ SDGs အား အကောင်အထည်ဖော်နိုင်ရေးအတွက် စတင်ကြိုးပမ်းရာတွင် ကျယ်ပြန့်လှသည့် ရည်မှန်းချက် ဖြစ်သည့် တစ်ဦးတစ်ယောက်မျှ ကျန်လပ်ခဲ့ခြင်း မရှိစေရ ဟူသည့် သဘောတရားအား လက်ကိုင်ထားရမည် ဖြစ်ပါသည်။

            အလားတူပင် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ဘဏ္ဍာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် မလုံလောက်မှုသည်လည်း ကြီးမားသော စိန်ခေါ်မှု တစ်ရပ်အဖြစ် ကျန်ရှိနေ ပါသည်။ ထို့အပြင် နိုင်ငံ၏ ဖွံ့ဖြိုးမှု လုပ်ငန်းများအပေါ် အများပြည်သူများ အသိပညာနှင့် စိတ်ပါဝင်စားမှု နည်းပါးခြင်းသည် ကြီးမားသော စိတ်ခေါ်မှု တစ်ရပ် ဖြစ်လာဖွယ် ရှိနေပါသည်။

            စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သည် အမျိုးသား စာရင်းအင်း ညှိနှိုင်းရေးအဖွဲ့အဖြစ် ပါဝင်ပတ်သက်သူများအားလုံးအကြား အစွမ်းကုန် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်း အဝေးများအား သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြုလုပ်သွားမည်ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးမှု မိတ်ဖက်များ၊ သက်ဆိုင်ရာ ဌာနများ အပါအဝင် ပါဝင်ပတ်သက်သူ အမျိုးမျိုး အကြား ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

            စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုအနေဖြင့် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှုးချုပ်သည် High Level Group of Partnership, Coordination and Capacity Building for Statistics for the 2030 Agenda for Sustainable Development (HLG-PCCB) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေပါသည်။

            ထို့အပြင် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံအပါအဝင် အခြားသော မိတ်ဖက်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အမျိုးသားအဆင့် စီမံချက်များအား SDGs ပန်းတိုင်များနှင့် ကိုက်ညီစေရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ SDGs ဆိုင်ရာ စာရင်းအချက်အလက်များ စုစည်းခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်ခြင်းနှင့် ထုတ်ပြန်ခြင်းတို့တွင် နည်းပညာ လွှဲပြောင်း ရယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။