အကောက်ခွန်ဦးစီးဌာန

Customs Logo

မူဝါဒ

၁။  ရှင်းလင်းလွယ်ကူသောအကောက်ခွန်လုပ်ထုံးလုပ်နည်းများဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန်နှင့် ရသင့်ရထိုက်သောအခွန်ငွေများ ပြည့်ဝစွာရရှိစေရန်။

တာဝန်

၂။  ရသင့်ရထိုက်သည့်အခွန်ငွေများ မှန်ကန်စွာရရှိစေရန်အတွက် အကောက်ခွန် ထိန်းချုပ်မှုဆိုင်ရာရည်မှန်းချက်များသေချာစေခြင်းနှင့် အကောက်ခွန် လုပ်ထုံးလုပ်နည်းများကိုရိုးရှင်းစေခြင်းဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်။

မျှော်မှန်းချက်

၃။  အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုံခြုံချောမွေ့စေရေးနှင့် လူမှုအဖွဲ့အစည်းကို အကာအကွယ်ပေးရေးအတွက် ကုန်သွယ်မှုအသိုင်းအဝိုင်းတွင်ပါဝင်သူများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောက်ခွန်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကိုပုံဖော်ဆောင်ရွက်ရန်။

ရည်မှန်းချက်တာဝန်များ

၄။    ရည်မှန်းချက်တာဝန်များမှာ-

  • နိုင်ငံတော်အတွင်းသို့တင်သွင်းလာသောပစ္စည်းများ၊ နိုင်ငံတော်ပြင်ပသို့တင်ပို့သောပစ္စည်းများနှင့်စပ်လျဉ်း၍သတ်မှတ်ပြဌာန်းထားသောဥပဒေနှင့်အညီအခွန်အကောက်များစည်းကြပ်ကောက်ခံခြင်း။
  • တင်သွင်းမှု / တင်ပို့မှုများသည် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း ပြဌာန်းချက်များနှင့်အညီညီညွတ်မှုရှိ / မရှိစိစစ်ကြပ်မတ်ခြင်း၊ စုံစမ်းဖော်ထုတ်တားဆီးအရေးယူခြင်း။
  • တင်သွင်း / တင်ပို့ခြင်းဆိုင်ရာကုန်သွယ်မှုကိန်းဂဏန်းများစာရင်းပြုစုခြင်း။
  • အပြည်ပြည်ဆိုင်ရာအကောက်ခွန်လုပ်ငန်းများနှင့် ညီညွတ်စေရန် အကောက်ခွန်လုပ်ထုံးလုပ်နည်းများ ခေတ်မီစေရေးဆောင်ရွက်ခြင်း။
  • ဥပဒေစိုးမိုးရေးဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း။
  • ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုရှိစေရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုး တိုးတက်မှုအတွက်အထောက်အကူ ဖြစ်စေခြင်း။

ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေနှင့် အကောက်ခွန်နှုန်းဥပဒေ ပြုပြင်ပြောင်းလဲမှုများ

၅။      ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေ နှင့်အကောက်ခွန်နှုန်းဥပဒေများ၏ ပြုပြင်ပြောင်းလဲမှုများမှာ-

          စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေနှင့် အကောက်ခွန်နှုန်းဥပဒေ များကို စီမံခန့်ခွဲလျက်ရှိပါသည်။

        ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေအား ၁၈၇၈ ခုနှစ်၊ ဧပြီလ (၁) ရက် နေ့တွင် အိန္ဒိယအက်ဥပဒေအမှတ် (၈) (INDIA  Act No. VIII) ဖြင့် စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် အက်ဥပဒေအမှတ် (၃၃) (Act No.  XXXIII) နှင့် အက်ဥပဒေအမှတ် (၅၉) (Act No.  LIX) တို့ဖြင့် လည်းကောင်း၊ ၁၉၅၀ ခုနှစ်တွင် အက်ဥပဒေအမှတ် (၅၁) (Act No.  LI) ဖြင့် လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင်  အက်ဥပဒေအမှတ် (၁၆) (Act No.  XVI) ဖြင့် လည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင် အက်ဥပဒေအမှတ် (၁၄) (Act No.  XIV) ဖြင့် လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် အက်ဥပဒေအမှတ် (၁၉) (Act No.  XIX) ဖြင့်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင်   ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၁၃) ဖြင့်လည်းကောင်း အသီးသီးပြင်ဆင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၃၃) ဖြင့် နောက်ဆုံးအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါ သည်။

        ကုန်းလမ်းအကောက်ခွန်အက်ဥပဒေအား ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အိန္ဒိယအက်ဥပဒေအမှတ် (၁၉) (INDIA Act No. XIX) ဖြင့် စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် အက်ဥပဒေအမှတ် (၁၇) (Act No. XVII) ဖြင့် လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် အက်ဥပဒေ အမှတ် (၅၃) (Act No. LIII) ဖြင့် လည်းကောင်း၊  ၁၉၅၆ ခုနှစ်တွင် အက်ဥပဒေအမှတ်(၁၃) (Act No. XIII) ဖြင့် လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင်  အက်ဥပဒေအမှတ် (၂၀) (Act No. XX) ဖြင့်လည်းကောင်း  အသီးသီးပြင်ဆင်ခဲ့ပြီး  ၂၀၁၅ ခုနှစ်တွင်  ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၁၄) ဖြင့် နောက်ဆုံးအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။

      အကောက်တော်အခွန်နှုန်းအက်ဥပဒေကို ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် နေ့တွင် အက်ဥပဒေအမှတ် (၇၂) ဖြင့် စတင်ပြဋ္ဌာန်းခဲ့သော်လည်း  ယင်းအက်ဥပ‌ဒေအား ၁၉၉၂ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းသည့် အကောက်ခွန်နှုန်းဥပဒေဖြင့် ရုပ်သိမ်းခဲ့ပါသည်။ တည်ဆဲ အကောက်ခွန်နှုန်းဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၂/၁၉၉၂ ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။

မြန်မာ့အကောက်ခွန်နှုန်းစာရင်း

၆။     မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် ကမ္ဘာ့အကောက်ခွန်အဖွဲ့ (World Customs Organization- WCO) ၏ (၁၀၉) နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ခဲ့ပါသည်။ ထို့ပြင် ၁၉၉၄ ခုနှစ်၊  ဒီဇင်ဘာလ ၅ ရက် တွင် အပြည်ပြည်ဆိုင်ရာ စည်းဝါးညီကုန်ပစ္စည်းအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း နှင့် အမှတ်အသားပေးခြင်းဆိုင်ရာ သဘောတူညီချက် (The International Convention on the Harmonized Commodity Description and Coding System(HS)) ၏ စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါသည်။ ယင်း စည်းဝါးညီစနစ်အရ မြန်မာနိုင်ငံသည် ၁၉၉၂ ခုနှစ်၊ ဧပြီလ ၁ ရက် မှစ၍ WCO HS 1992 Version ကို စတင်ကျင့်သုံးခဲ့ပါသည်။ နိုင်ငံတကာကုန်သွယ်မှုနှင့် လိုက်လျောညီထွေမှုရှိစေရန် နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသည့် စည်းဝါးညီစနစ် (Harmonized Commodity Description and Coding System - HS Code) ကို အခြေခံပြီး အာဆီယံဒေသတွင်းတွင် အာဆီယံစည်းဝါးညီ အကောက်ခွန်နှုန်း အမည်ပေးစနစ် (ASEAN Harmonized Tariff Nomenclature - AHTN) ကို လည်း ၂၀၀၃ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် စတင်ကျင့်သုံးဆောင်ရွက်ခဲ့ပါသည်။

၇။      WCO HS Convention ၏ Article 16 အရ WCO သည် လေးနှစ် (သို့) ငါးနှစ်တစ်ကြိမ် HS စာအုပ်များကို ပြန်လည်သုံးသပ်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် WCO HS 2017 Version ကို အခြေခံသည့် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ (MCT 2017) ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက် နေ့တွင် စတင်ကျင့်သုံးခဲ့ပါသည်။

၈။     မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ တွင် အပိုင်း (Section) (၂၁)ခု၊ အခန်း (Chapter) (၉၈) ခု၊ ခေါင်းစဉ် ( Heading ) (၁၂၂၂) ခု၊ ခေါင်းစဉ်ခွဲ ( Subheading )  (၅၃၆၇) လိုင်း နှင့် စာရင်းအင်းလိုင်း (Statistics Line)  (၅၇၄) လိုင်း စုစုပေါင်း အကောက်ခွန်နှုန်းလိုင်းပေါင်း (၁၀၈၁၃) လိုင်း ရှိပါသည်။ အကောက်ခွန်နှုန်းအနေဖြင့် အနိမ့်ဆုံး (၀%)မှအမြင့်ဆုံး (၅၀%)အထိရှိပြီး၊ အကောက်ခွန်နှုန်း သတ်မှတ်ချက်အဆင့် (၁၁)  ဆင့်ဖြင့် သတ်မှတ်ကောက်ခံလျက်ရှိပါသည်။

၉။   အကောက်ခွန်ဦးစီးဌာနသည် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ မှ ၂၀၂၂ သို့ ပြောင်းလဲ ကျင့်သုံးနိုင်ရေးအတွက် အကောက်ခွန်နှုန်းလိုင်းများနှင့်အကောက်ခွန်နှုန်းများသုံးသပ်ပြင်ဆင်ခြင်း ညှိနှိုင်းအစည်းအဝေးများကို သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ တင် သွင်း / တင်ပို့လုပ်ငန်းရှင်များ၊ UMFCCI အစရှိသည့် အသင်းအဖွဲ့များနှင့် ၂၀၁၉ ခုနှစ်မှစတင်၍ ကျင်းပခဲ့ရာ ညှိနှိုင်းအစည်းအဝေး (၁၇) ကြိမ်အထိ ကျင်းပဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

၁၀။    အစိုးရဌာနဆိုင်ရာများ၊ပုဂ္ဂလိကအသင်းအဖွဲ့များမှ အဆိုပြုပြန်ကြားလာသည့် သဘောထား မှတ်ချက်များနှင့်အညီ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ အား ပြင်ဆင်ထားရှိပြီး ဖြစ်ပါသည်။ အကောက်ခွန်ဦးစီးဌာနအနေဖြင့် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ အား ထုတ်ဝေနိုင်ရန် အတွက် လိုအပ်သော ပြည်တွင်းလုပ်ငန်းစဉ်များအား   ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၁၁။   ထို့နောက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ အား ပုံနှိပ်ထုတ်ဝေခြင်း၊ အစိုးရဌာနဆိုင်ရာ များနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များအား Public Awareness ပြုလုပ်ခြင်း စသည်တို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ အား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် ကျင့်သုံးရန်လျာထားပါသဖြင့် အချိန်မီထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံ၏ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသများ

၁၂။     အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ၏  လွတ်လပ်သောကုန်သွယ်မှုနယ်မြေဒေသများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • (က)    အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသ  (ASEAN Free Trade Area - AFTA)
  • (ခ)     အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသ (ASEAN- CHINA Free Trade Area)
  • (ဂ)     အာဆီယံ - ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသ (ASEAN – HONGKONG Free Trade Area)
  • (ဃ)    အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသ (ASEAN - KOREA Free Trade Area)
  • (င)     အာဆီယံ-ဂျပန် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသ (ASEAN - JAPAN Free Trade Area)
  • (စ)     အာဆီယံ - သြစတြေးလျ - နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသ (ASEAN – AUSTRALIA - NEWZEALAND Free Trade Area)
  • (ဆ)   အာဆီယံ-အိန္ဒိယ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသ (ASEAN – INDIA Free Trade Area)
  • (ဇ)     ဒေသတွင်း ဘက်စုံစီးပွားရေးပူး ပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP)

အာဆီယံလွတ်လပ်သောကုန်သွယ်မှုနယ်မြေဒေသ (ASEAN Free Trade Area- AFTA)

၁၃။   မြန်မာနိုင်ငံသည် (၂၃-၇-၁၉၉၇) နေ့တွင် အာဆီယံအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီးနောက် ASEAN Free Trade Area (AFTA) တွင် ပါဝင်ခဲ့သဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ယခင်ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန) ၏ အမိန့်ကြော်ငြာစာအမှတ် (၂၄၇/၉၇) အရ CEPT Production List and Tariff Reduction Plan ကို (၁-၁-၁၉၉၈) ရက်နေ့တွင် စတင်သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး အကောက်ခွန်နှုန်းများ လျှော့ချခဲ့ပါသည်။ အကောက်ခွန်လျှော့ချမည့် ထည့်သွင်းစာရင်း (Inclusion List) ပါ ကုန်ပစ္စည်းများ အပေါ်တွင် (၁-၁-၂၀၀၈) နေ့မှစ၍ ပင်ရင်းဒေသသက်သေခံလက်မှတ်တင်ပြနိုင်ပါက ပုံမှန်စည်းကြပ်သည့် အကောက်ခွန်နှုန်းများအစား အကောက်ခွန်(၀%) မှ (၅%)အတွင်းသာ ကောက်ခံရန် လျှော့ချခဲ့ပြီး ဖြစ်ပါသည်။

အာဆီယံကုန်ပစ္စည်းကုန်သွယ်ရေး သဘောတူစာချုပ် (ASEAN Trade In Goods Agreement)

၁၄။    မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေးအသိုက်အဝန်း၏ သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်သော တစ်ခုတည်းသောစျေးကွက်နှင့် ထုတ်လုပ်မှုအခြေခံဒေသအတွက် ကုန်ပစ္စည်းများ လွတ်လပ်စွာ စီးဆင်းစေရန် အာဆီယံကုန်ပစ္စည်းကုန်သွယ်ရေး သဘောတူစာချုပ် (ATIGA) ကို အဖွဲ့ဝင်နိုင်ငံများမှ ရေးဆွဲချုပ်ဆိုခဲ့ရာ ၂၀၁၀ ပြည့်နှစ် မေလ (၁၇) ရက်နေ့တွင် စတင်အကျိုး သက်ရောက်ခဲ့ပါသည်။

၁၅။   အာဆီယံလွတ်လပ်သောကုန်သွယ်မှုနယ်မြေဒေသ (ASEAN Free Trade Area -AFTA)ကို (၁-၁-၁၉၉၈) ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အကောက်ခွန် နှုန်းလိုင်းများ၏ ၆၀% ကိုလည်းကောင်း၊ ၂၀၁၂ခုနှစ်တွင် အကောက်ခွန်နှုန်းလိုင်းများ ၏ ၈၀% ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် အကောက်ခွန်နှုန်းလိုင်းများ၏ ၉၃%ကို လည်းကောင်း၊ ၂၀၁၈ ခုနှစ် တွင် အကောက်ခွန်နှုန်းလိုင်းများ၏ ၁၀၀% ကိုလည်းကောင်း သုညရာခိုင်နှုန်းသို့ လျှော့ချရမည် ဖြစ်ပါသည်။ (၁-၁-၂၀၁၈) ရက်နေ့တွင် အရေးကြီးကုန်ပစ္စည်းလိုင်း (၁၅)လိုင်းနှင့် အထွေထွေ ကင်းလွတ်ခွင့်စာရင်းပါ ကုန်ပစ္စည်းလိုင်း (၅၀) လိုင်းတို့မှအပ ၂၀၁၈ခုနှစ်အတွက် အကောက်ခွန်နှုန်း လိုင်းများ၏ ၁၀၀% ကို သုညရာခိုင်နှုန်းသို့ လျှော့ချပြီး ဖြစ်ပါသည်။

အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုနယ်မြေဒေသ (ASEAN- CHINA Free Trade Area)

၁၆။    အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုနယ်မြေဒေသကို (၁-၁-၂၀၁၄) ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အာဆီယံ - တရုတ် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မည့်မူဘောင်အရ ကုန်စည်ကုန်သွယ်မှုသဘောတူစာချုပ်ကို အမျိုးသားစီမံကိန်းနှင့်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုးသာမှ (၂၉-၁၁-၂၀၀၄) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ ၂၀၁၀၊၂၀၁၅ ၊ ၂၀၁၈ ၊ ၂၀၂၀ နှစ်အလိုက် အကောက်ခွန်နှုန်းလျှော့ချရမည်ဖြစ်ပါသည်။ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်း လျှော့ချ/ဖယ်ရှားမှုဇယား (၂၀၁၇) ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၁-၆-၂၁၀၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ( ၄၇/၂၀၁၉ ) ဖြင့် သတ်မှတ်ပြီးဖြစ်ပါသည်။

အာဆီယံ - ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှုနယ်မြေဒေသ (ASEAN – HONGKONG Free Trade Area)

၁၇။   မြန်မာနိုင်ငံ၊ နေပြည်တော်၌ (၂၈-၃-၂၀၁၈) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက လက်မှတ်ရေးထိုးခဲ့ပါသည်။ အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်သည် ၂၀၁၉ ခုနှစ် ၊ ဇွန်လ ၁၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ပါသည်။ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ ဖြင့် ချိတ်ဆက်ထားသည့် အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် ၂၀၁၇ ကို ပြည်ထောင်စု ဝန်ကြီးရုံး၏ (၁-၅-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၂/ ၂၀၂၀ ဖြင့် ထုတ်ပြန်ပြီး ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံ-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုနယ်မြေဒေသ (ASEAN -KOREA Free Trade Area)

၁၈။   အာဆီယံ-ကိုရီးယား ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အရ အာဆီယံ- ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုနယ်မြေဒေသထူထောင်ရန် သဘောတူစာချုပ်ကို (၂၄-၈-၂၀၀၆) ရက်နေ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိုးသာ မှ လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၈ နှစ်အလိုက် အကောက်ခွန်နှုန်းလျှော့ချရမည်ဖြစ်ပါသည်။ အာဆီယံ- ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်း လျှော့ချ/ဖယ်ရှားမှုဇယား (၂၀၁၇) ကို ယခင်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ (၂၀-၄-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ( ၅၃ /၂၀၂၀ ) ဖြင့် ထုတ်ပြန်ပြီး ဖြစ်ပါသည်။

အာဆီယံ-ဂျပန် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသ (ASEAN –JAPAN Free Trade Area)

၁၉။    အာဆီယံ - ဂျပန် လွတ်လပ်သောကုန်သွယ်မှုနယ်မြေဒေသ အကောင်အထည်ဖော်ဆောင်နိုင်ရန် (၁၀-၄-၂၀၀၈) ရက်နေ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွာရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိုးသာမှ လက်မှတ်ရေးထိုးခဲ့ပါသည်။ မြန်မာနိုင်ငံအတွက် စာချုပ်အသက်ဝင်သည့်နေ့မှာ (၁-၁၂-၂၀၀၈) ရက်နေ့ဖြစ်ပါသည်။ မြန်မာနိုင်ငံမှအကောက်ခွန်နှုန်းလျှော့ချရမည့်နှစ်များမှာ ၂၀၁၄ ၊ ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၃၊ ၂၀၂၆ ဖြစ်ပါသည်။ အာဆီယံ-ဂျပန် အကောက်ခွန်လျှော့နှုန်းဇယား 2007 version, 2012 version, 2017 version တို့အား ပြည်ထောင်စုဝန်ကြီးရုံးအမိန့် ကြော်ငြာစာ (၄၇၀/ ၂၀၂၁) ၊(၄၆၈/ ၂၀၂၁)၊ (၄၆၉/ ၂၀၂၁) တို့ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ဖြစ်ပါသည်။

အာဆီယံ - သြစတြေးလျ / နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသ (ASEAN- Australia / Newzealand Free Trade Area)

၂၀။    အာဆီယံ - သြစတြေးလျ / နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသကို အကောင်အထည်ဖော်ဆောင်ရွက်ရန် (၂၇-၂-၂၀၀၉) ရက်နေ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိုးသာမှ လက်မှတ်ရေးထိုးခဲ့ပြီး (၁-၁-၂၀၁၀) ရက်နေ့တွင် စတင်အကျိုးသက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ အကောက်ခွန်နှုန်းလျှော့ချရမည့်နှစ်များမှာ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၄ ဖြစ်ပါသည်။ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ ဖြင့် ချိတ်ဆက်ထားသည့် အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် ၂၀၁၇ ကို ပြည်ထောင်စုဝန်ကြီးရုံး၏ (၂၀-၂-၂၀၂၀) ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၀) ဖြင့်  ထုတ်ပြန်ပြီး ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။

 အာဆီယံ- အိန္ဒိယ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဒေသ (ASEAN- INDIA Free Trade Area)

၂၁။   အာဆီယံ-အိန္ဒိယ လွတ်လပ်သောကုန်သွယ်မှုနယ်မြေဒေသကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကုန်သွယ်မှုသဘောတူစာချုပ်ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၊ ဝန်ကြီး ဦးစိုးသာမှ (၁၃-၈-၂၀၀၉) ရက်နေ့တွင် လက်မှတ်​ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူ စာချုပ်အရ မြန်မာနိုင်ငံမှ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၂၄ နှစ်အလိုက်အကောက်ခွန်နှုန်း ၀% သို့ လျှော့ချမည်ဖြစ်ပါသည်။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှတဆင့် အိန္ဒိယနိုင်ငံသို့ ပေးပို့၍ အတည်ပြုချက်ရရှိပါက အာဆီယံ-အိန္ဒိယလွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချ/ ဖယ်ရှားမှုအစီအစဉ် (၂၀၁၇) အား အမိန့်ကြော်ငြာစာထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP)

၂၂။   ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်သည် မြန်မာနိုင်ငံအပါအဝင် အာဆီယံ(၁၀)နိုင်ငံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် ဩစတေးလျ-နယူးဇီလန် စသည့် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကမ္ဘာ့လူဦးရေ၏ ၃၀% ကိုလည်းကောင်း၊ ကမ္ဘာ့စီးပွားရေး၏ ၃၀% နှင့် ကမ္ဘာ့ကုန်သွယ်မှု၏ ၂၈% နီးပါးကိုလည်းကောင်း ကိုယ်စားပြုသော ကမ္ဘာ့အကြီးဆုံးကုန်သွယ်‌ရေး သဘောတူစာချုပ်များအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။ RCEP သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် RCEP ထိပ်သီးအစည်းအဝေးနိုင်ငံများ၏စီးပွားရေးဝန်ကြီးများက နိုင်ငံ့ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ RCEP ၏ အဖွဲ့ဝင်နိုင်ငံများတွင် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် RCEP သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် မိမိတို့နိုင်ငံ၏ ထုတ်ကုန်များကို ပိုမိုကျယ်ပြန့်သည့် ကမ္ဘာ့အဆင့်မြင့် ဈေးကွက်များသို့ တင်ပို့နိုင်မည့် အခွင့်အလမ်း များရရှိမည်ဖြစ်ပြီး သဘောတူစာချုပ်ပါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံသို့ တာဝန် ယူမှု၊ တာဝန်ခံမှုရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်သည့်အတွက် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။ ပြည်တွင်းသို့ RCEP အဖွဲ့ဝင်နိုင်ငံများမှ သွင်းကုန်များကို အကောက်ခွန်လျှော့နှုန်းခံစားခွင့်ဖြင့် တင်သွင်းနိုင်ခြင်းကြောင့် ပြည်တွင်း၌ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူသုံးစွဲနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ RCEP 2012 - 2017  TRS အား ၂၀၂၁ ခုနှစ် ဧပြီလတွင် ချိတ်ဆက်ပြီးစီးခဲ့ပါသည်။ မြန်မာ့အကောက်ခွန်နှုန်းဇယား 2022 ကျင့်သုံးဆောင်ရွက်ပြီးပါက RCEP အကောက်ခွန်လျှော့နှုန်းဇယား ( Tariff Reduction Schedule ) အား HS 2022 version နှင့် ကူးပြောင်းချိတ်ဆက်ရန် ဆောင်ရွက်လျက်ရှိပါသည်။

၂၃။ အကောက်ခွန်ပေါင်းစည်းရေးအတွက်အကောက်ခွန်ဆိုင်ရာမဟာဗျူဟာစီမံချက်

       Strategic Plans of Customs Development - SPCD (15)

SPCD (1)      အကောက်ခွန်နှုန်းဆိုင်ရာ ကုန်ပစ္စည်းအမျိုးအစားခွဲခြားသတ်မှတ်ခြင်း

                      Customs Tariff Classification

SPCD (2)      အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်း

                     Customs Valuation

SPCD (3)      ပင်ရင်းဒေသစည်းမျဉ်း၊ကုန်ပစ္စည်းပင်ရင်းနိုင်ငံသတ်မှတ်ခြင်း     

                    Origin Determination of Goods and Commodities

SPCD (4)      အကောက်ခွန်ဆိုင်ရာကုန်ပစ္စည်းရှင်းလင်းခြင်း

                     Customs Clearance

SPCD (5)      အကောက်ခွန်ဆိုင်ရာ ဖြတ်သန်းသယ်ဆောင်ခြင်း

                      Customs Transit

SPCD (6)      စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်မှုအသိုက်အဝန်း ပူးပေါင်းဆောင်ရွက်ခြင်း

                      Partnership with Businesses and the Trading Community

SPCD (7)      အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူများအစီအစဉ်

                      Authorized Economic Operator Programmes

SPCD (8)      အကောက်ခွန်နှောင်းစာရင်းစစ်ဆေးခြင်း

                     Customs Post Clearance Audit

SPCD (9)      အကောက်ခွန်ဆိုင်ရာ ဥပဒေစိုးမိုးရေး နှင့် အပြန်အလှန်ပံ့ပိုးကူညီမှု

                     Customs Enforcement and Mutual Assistance

SPCD (10)    ပြည်သူ့ဘဝလုံခြုံရေးနှင့် လူမှုအဖွဲ့အစည်း ကာကွယ်ရေး

                      Public Security and Protection of the Society

SPCD (11)    အကောက်ခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့်ခေတ်မီစေရေး

                      Customs Reform and Modernization    

SPCD (12)    လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး

                     Human Resource Development and Administration

SPCD (13)    အကောက်ခွန်အဖွဲ့အစည်းများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရေး

                      Narrowing the Development Gap in Customs

SPCD (14)    ဗဟုသုတအခြေခံသောစီမံခန့်ခွဲမှု

                     Knowledge Management

SPCD (15)    အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး

                      E-Commerce

အကောက်ခွန်ဦးစီးဌာနတွင် MACCS စနစ် အကောင်အထည်ဖော် ဆောင်ရွက်ပြီး အသုံးပြုဆောင်ရွက်နေမှုအခြေအနေ

၂၄။   မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား AEC ခေါ် (ASEAN Economic Community Blue Print) ပါ သဘောတူညီချက်များကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါသည်။ ယင်းသဘောတူညီချက်များထဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ASEAN Single Window (ASW) စနစ်ထူထောင်ရန် ခေါင်းစဉ်တစ်ခု အပါအဝင်ဖြစ်ပါသည်။  ASEAN Single Window သို့ ဝင်ရောက် ပူးပေါင်းနိုင်ရေးအတွက်  မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံအသီးသီးတွင် National Single Window စနစ်များ မဖြစ်မနေအကောင်အထည် ဖော်ဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။ ၎င်းအပြင် ယခုမျက်မှောက်ခေတ်၌ နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းစဉ်များ တဟုန်တည်းတိုးတက်များပြား လာမှုကြောင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးလုပ်ငန်းစဉ်များကို နည်းပညာကဏ္ဍအားအသုံးပြု၍ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သို့အတွက်ကြောင့် အကောက်ခွန်ဦးစီးဌာနသည် သွင်းကုန်/ ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များ သွက်လက်မှန်ကန် မြန်ဆန်စေရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် အကောက်ခွန်ဖွံ့ဖြိုးတိုးတက်စေရေးတို့အပြင် National Single Window စနစ် ထူထောင်မှုတွင်အထောက်အကူပြုစေနိုင်မည့် Myanmar Automated Cargo Clearance System (MACCS) စနစ်နှင့် Myanmar Customs Intelligence System (MCIS) ကို ဂျပန်နိုင်ငံအစိုးရ၏ ဘဏ္ဍာရေးအကူအညီ(Grant Aid) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ MACCS စနစ်သည် ဂျပန်နိုင်ငံတွင် ၁၉၇၈ ခုနှစ်မှစတင်၍ လက်ရှိအချိန်အထိ အောင်မြင်စွာအသုံးပြုလျက်ရှိသည့် (NACCS) စနစ်အားအခြေခံ၍ မြန်မာနိုင်ငံအကောက်ခွန်ဦးစီးဌာနတွင် အသုံးပြုလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပြင် နိုင်ငံတကာအကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီရေးဆွဲထားရှိသည့် စနစ်တစ်ခုဖြစ်ပါသည်။

၂၅။  MACCS စနစ်ကို (၂၄-၇-၂၀၁၃)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီးစနစ်၏ စမ်းသပ်အသုံးပြုမှုကို ၂၀၁၆ ခုနှစ်၊ သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလ များတွင် အသုံးပြုဆောင်ရွက်ခဲ့ပါသည်။ စနစ်တစ်ခုလုံး၏ အပြည့်အဝအသုံးပြုမှုကို (၁၂-၁၁-၂၀၁၆) ရက်နေ့မှ စတင်၍ ရန်ကုန်ဧရိယာအတွင်း (သီလဝါအထူးစီးပွားရေးဇုန်အပါအဝင်၌) အသုံးပြုဆောင်ရွက်ခဲ့ပါ သည်။  MACCS စနစ်အား ကုန်သွယ်မှုလုပ်ငန်းစဉ် တစ်လျှောက်၌ ဆက်စပ်ပါဝင်လျက်ရှိသည့် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများဖြစ်သည့် သွင်းကုန်/ထုတ်ကုန် လုပ်ငန်းရှင်များ၊ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ လေကြောင်းလိုင်းများ၊ သင်္ဘောလိုင်းများနှင့် ဆိပ်ကမ်းများ၊ ကုန်လှောင်ရုံများမှ ဝင်ရောက် ချိတ်ဆက် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့အစည်း အသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာအကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းအပြင် MACCS စနစ်သည် (၂၄) နာရီ တစ်နှစ်ပတ်လုံးလည်ပတ် ဆောင်ရွက်သွားမည့် စနစ်တစ်ခုလည်းဖြစ်ပါသည်။

၂၆။   MACCS စနစ်အားရန်ကုန်ဧရိယာ၌ အဆင်ပြေချောမွေ့စွာ အသုံးပြုဆောင်ရွက်နိုင်သည့်နောက် ၂၀၁၈ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် မြဝတီနယ်စပ်ဒေသသို့လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ဒေသများသို့လည်းကောင်း ထပ်မံတိုးချဲ့ အသုံးပြုနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပြီး ကျန် ရှိနေသေးသည့် နယ်စပ်ဒေသများတွင် အသုံးပြုနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ MACCS စနစ်သည် သွင်းကုန်/ ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များအား Online စနစ်ဖြင့် လျှင်မြန် ချောမွေ့စွာ အသုံးပြုဆောင်ရွက်နိုင်ပြီး ကုန်သွယ်မှုလွယ်ကူချောမွေ့စေကာ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ကောင်းများပေးနိုင်သည့်အပြင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်စေရန် အတွက်လည်း ဆွဲဆောင်မှုပေးနိုင်သည့် စနစ်ကောင်းတစ်ခုဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။

နိဂုံး

၂၇။   အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲရေးများဆောင်ရွက်ခဲ့ရာ ဝန်ထမ်းအင်အား ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ အကောက်ခွန်ဥပဒေများအား ပြင်ဆင်ခဲ့ပြီးနည်းဥပဒေများအား ပြုစုရေးဆွဲလျက်ရှိခြင်း၊   နိုင်ငံတကာအဆင့်မီအကောက်ခွန်ရှင်းလင်းရေးစနစ်ဖြစ်စေရန်အတွက် MACCS (Myanmar Automated Cargo Clearance System) အား အသုံးပြုဆောင်ရွက်နေသည့်အပြင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် လူမှုအဖွဲ့အစည်းကို အကာအကွယ်ပေးရေးအတွက် ကုန်သွယ်မှုအသိုင်းအဝိုင်းတွင် ပါဝင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ပုံဖော်ဆောင်ရွက်လျက် ရှိပါသည်။