စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏ (၃/၂၀၁၇) ကြိမ်မြောက်အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်  ၂၁

ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့်ဝန်ဆောင်မှူလုပ်ငန်းများ ထိရောက်စွာဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆိုပြုတင်ပြလာသည့် ဝန်ထမ်းဖွဲ့စည်းပုံများ တိုးချဲ့ဖွဲ့စည်းနိုင်ရန်စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏ (၃/၂၀၁၇)ကြိမ်မြောက်အစည်းအဝေးကို ၂၁-၆-၂၀၁၇ရက်နေ့ နေ့လယ်(၁၃း၃၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမတွင်စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ဦးကျော်ဝင်းက ကြီးမှူးကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှူဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အဆိုပြုတင်ပြလာသည့်ဖွဲ့စည်းပုံများ တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

ထိုအစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ/ တက္ကသိုလ်/ကောလိပ်နှင့် သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊  ပညာရေးဝန်ကြီးဌာန၊ ဆေးတက္ကသိုလ်(၅)ခုတို့၏ပါမောက္ခ/ဌာနမှူးများ၏ လစာနှုန်းထားမတူညီမှုကို တစ်ပြေးညီ သတ်မှတ်ပေးခြင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနနှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၏ ဖွဲ့စည်းပုံတိုးချဲ့ဖွဲ့စည်းခြင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနကြီးကြပ်မှုအောက်တွင် အဆောက်အဦးစီးဌာနဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ လမ်းဦးစီးဌာနတွင်မြို့ရုံး(၂)ရုံးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(၁)ခု၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနကြီးကြပ်မှုအောက်တွင် ဟိုတယ်နှင့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (၁)ခုအသစ် ထပ်မံဖွဲ့စည်းခြင်းများကို ခွင့်ပြုခဲ့ပါသည်။

ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ဝန်ကြီးရုံးဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ ကုသရေး ဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအား သွားနှင့်ခံတွင်းရောဂါအထူးကုဆေးရုံ အဖြစ် ပြင်ဆင်ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိမြို့နယ်များ/ကျေးရွာများတွင် ဆေးရုံ အဆင့်မြှင့်တင်ခြင်းများနှင့် ဗဟိုဆေးသိုလှောင်ရေးဌာနခွဲ(၁)ခုကို အသစ်ဖွင့်လှစ်ခြင်းတို့ကို ခွင့်ပြု ခဲ့ပါသဖြင့် နိုင်ငံတော်၏ အမျိုးသားကျန်းမာရေးမူဝါဒနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု စွမ်းရည်ပြည့် ဆောင်ရွက်ပေးနိုင်စေရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေး အနီးကပ်စောင့်ရှောက်မှုများ ပြည့်ဝစွာ ရရှိခံစားနိုင်စေရန်၊ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက် လာစေရန်၊ ကျေးလက်လမ်းများ တိုးတက်ကောင်းမွန်လာစေရန်၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ အတွေးခေါ်အသိအမြင်၊ ဗဟုသုတများပိုမိုကျယ်ပြန့်လာစေရန်၊လူနေမှူအဆင့်အတန်း မြင့်မားလာစေရန်၊ ပြည်ထောင်စုစိတ်ဓါတ် ထက်သန်ခိုင်မာလာစေရန်နှင့် နယ်စပ်ဒေသများတွင် လူသားအရင်းအမြစ်များ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)