စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၏ စီမံကိန်းစိစစ်ခြင်းနှင့် စောင့်ကြည့်ကြီးကြပ်ခြင်းလုပ်ငန်း လမ်းညွှန်ချက် (မူကြမ်း)နှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

, ,

စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၏ စီမံကိန်းစိစစ်ခြင်းနှင့် စောင့်ကြည့်ကြီးကြပ်ခြင်း လုပ်ငန်းလမ်းညွှန်ချက်နှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ၂၄-၈-၂၀၁၈ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။  

          အမြဲတမ်းအတွင်းဝန်က စီမံကိန်းစိစစ်ခြင်းနှင့် စောင့်ကြည့်ကြီးကြပ်ခြင်းလုပ်ငန်း လမ်းညွှန်ချက် (မူကြမ်း)သည် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလက သက်ဆိုင်ရာဌာနများသို့ တောင်းခံခဲ့သည့် သဘောထားမှတ်ချက်အပေါ် ပြန်လည်စိစစ်ထားခြင်းဖြစ်ပြီး စီမံကိန်းနှင့်ဘတ်ဂျက် ချိတ်ဆက်မှု အားကောင်းစေရေးတို့ကို ရည်ရွယ်၍ လမ်းညွှန်ချက်ရေးဆွဲခြင်းဖြစ်ကြောင်း၊ စီမံကိန်းဟုဆိုရာတွင် Planning နှင့် Project ကွဲပြားရန်လိုကြောင်း၊ Planning ဆိုသည်မှာ ဘဏ္ဍာနှစ်အတွင်း မည်သည်တို့ဆောင်ရွက်မည်ကို ကြိုတင်ပြင်ဆင်ပြုစုခြင်းဖြစ်ပြီး Project ၏သဘောမှာ Specific ဖြစ်ပြီး မည်သည့်လုပ်ငန်း၊ မည်သည့်အဆောက်အဦကို လုပ်ကြမည့် အပိုင်းဖြစ်ကြောင်း၊ စီမံကိန်းစိစစ်ရေးဆိုသည်မှာ Project Appraisal ဖြစ်ပြီး၊ ယခုဌာန သည် Project Appraisal and Progress Reporting Department ဖြစ်ပါကြောင်း၊ Project တစ်ခု ဆောင်ရွက်တော့မည်ဆိုလျှင် Feasible ဖြစ်မဖြစ်ဆိုသည်ကို သေချာစိစစ်ရန် လိုကြောင်း၊ Project များကို ဆောင်ရွက်သည့် အခါတွင်လည်း မည်သည့်အခြေအနေ ဖြစ်ပေါ်နေသည်ဆိုသည့် Monitor (စောင့်ကြည့်ကြီးကြပ်ခြင်း)နှင့် Evaluation (သုံးသပ်ခြင်း) တို့လည်းလိုအပ်ပါကြောင်း၊ ဌာနများမှ ပေးပို့သည့်အချက်များကို ပြန်လည်သုံးသပ်၍ ပြင်ဆင်သင့်သည့် အချက်များပြင်ဆင်ထားပါကြောင်း၊ နောင်ဆောင်ရွက် မည့်လုပ်ငန်းစီမံချက်များ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ချိတ်ဆက်မှု အားကောင်းစေရန်ရည်ရွယ်၍ လမ်းညွှန်ချက်ကို ရေးဆွဲခဲ့ရခြင်း​ ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်က လမ်းညွှန်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့်စည်ပင်သာယာရေးကော်မတီများမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း(၁၁)ခု၊ ဝန်ကြီးဌာန(၁၉)ခုနှင့် စည်ပင်သာယာရေး ကော်မတီ(၃)ခုတို့မှ ကိုယ်စားလှယ်(၁၀၅)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လည်(၁၁: ၅၀) နာရီတွင် ရုပ်သိမ်းခဲ့ကြပါသည်။