စီမံကိန်းနှင့်ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

နေပြည်တော် မေ ၃၀


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယမန်နေ့ နေ့လည်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအား တွေ့ဆုံရာတွင်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်သည်  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ မည်သူမဆို ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တောင်သူလယ်သမားများအနေဖြင့်  ခိုင်းကျွဲ၊ ခိုင်းနွား၊ လယ်ယာလုပ်သား ရှားပါးခြင်း၊ ရာသီဥတုကြောင့် ပျက်စီးဆုံးရုံးမှုများ ဖြစ်ပေါ်နေခြင်းများကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရန် မှန်ကန်သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်း၊ ကျယ်ပြန့်သည့် တစ်ကွင်းတစ်ဆက် လယ်ယာမြေများ ဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် သွင်းကုန်အစားထိုး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ကြရန်နှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များသို့လည်း ချေးငွေများ ထုတ်ချေးရန်ရှိပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းတို့မှလည်းကောင်း၊  တောင်သူ များ နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေးဆိုင်ရာ ကိစ္စရပ်များ အား ဆွေးနွေးညှိနှိုင်းခဲ့သည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင်လည်း မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အခွန်ဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာန/အဖွဲ့အစည်းများမှ တာဝန်ခံအရာရှိများအား တွေ့ဆုံ၍ နိုင်ငံ့ ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ တာဝန်များကို မည်မျှထိ ဆောင်ရွက်နိုင်မည်ကို စဉ်းစားတွေးခေါ်တတ်ပြီး ဌာနတာဝန်များကို လက်တွေ့ကျကျ ဆောင်ရွက်ကြရန်၊ နိုင်ငံတိုးတက်စေမည့် လုပ်ငန်းစွမ်းဆောင်ရည်များကို လည်း  စည်းကမ်းဘောင်အတွင်းမှ လုပ်ဆောင်ကြရန်၊ ကျောသားရင်းသား မခွဲခြားဘဲ လက်အောက် ဝန်ထမ်းများအတွက် အခွင့်အလမ်းများ ရရှိစေရေး ဆောင်ရွက်ပေးကြရန်၊  မိမိတို့လုပ်သော အလုပ်သည် ပြည်သူအတွက် အကျိုးဖြစ်ထွန်စေရေး ဆောင်ရွက်ကြရန် ၊ ဌာနအကျိုး၊ ဒေသ အကျိုး နှစ်ရပ်လုံးကို ဆောင်ရွက်ကြရန်၊ စွမ်းဆောင်ရည်၊ အားသာချက်၊ အားနည်းချက်နှင့် အတားအဆီး အခက်အခဲများကို စဉ်းစားချင့်ချိန်၍  လုပ်နိုင်စွမ်းရှိသည်များကို မှန်ကန်စွာ ဆောင်ရွက်ကြရန်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ကြရန်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့်လည်း ချေးငွေများကို ထုတ်ချေးရာတွင် စီးပွားရေးလုပ်ငန်း အမှန်ထူထောင်မည့်သူများကိုသာ ဦးစား ပေးရန်၊ အိမ်တိုင်ရာရောက် ငွေချေးသည့်စနစ်ကို ကျင့်သုံးနိုင်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တောင်သူလယ်သမားများအား အသိပညာပေး၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး တာဝန်ခံများ၏ တင်ပြချက်များအပေါ် လမ်းညွှန်မှာကြားပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပင်စင်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မကွေးခရိုင်နှင့် မြို့နယ်စီမံကိန်းဦးစီးရုံးများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)

Tags: Minister