နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅) ကျင်းပ

နေပြည်တော် ဇွန် ၁၀

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အခြားစီးပွားရေးကဏ္ဍ (ကုန်ထုတ်လုပ်မှု) နှင့် အထူးကိစ္စရပ်များအတွက် ချေးငွေများ အသီးသီးထုတ်ပေးထားကြောင်း၊ ထို့ပြင် အသားတိုးကြက်၊ ဉစားကြက်၊ DYL ဝက်နှင့် ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးရန်ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ ၁၄ ခု နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ (၆) ခုသို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်အထိ ချေးငွေများထုတ်ချေးထားရှိမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေ၊ သဘာဝဘေးအန္တရာယ်များကြောင့် ချေးငွေအရင်း/အတိုး ဆိုင်းငံ့ပေးခဲ့မှုများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးနိုင်မှုအခြေအနေများ၊ ချေးငွေများအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် အညီ ထုတ်ချေးနိုင်ရေး၊ ချေးငွေစာရင်းဇယားများကို စနစ်တကျပြုစု၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၏ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီများက ကြပ်မတ်ဆောင်ရွက်ရေးနှင့် မှတ်တမ်းတင်ထားရှိရေး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များအပေါ် လိုက်နာဆောင်ရွက်မှု ပြီးစီးမှုအခြေအနေများနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း နွေစပါးစီမံကိန်း၊ မိုးစပါးစီမံကိန်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ၂၀၂၅-၂၀၂၆  ခုနှစ်အတွင်း မိုးစပါးချေးငွေနှင့်   မိုးမြေပဲသီးနှံချေးငွေ ထုတ်ချေးရေး စာချုပ်ချုပ်ဆိုဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မွေးမြူရေးချေးငွေများ ထုတ်ချေးနေမှုအခြေအနေနှင့် စိုက်ပျိုးရေရရှိရေးစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေ၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေထုတ်ချေးနိုင်မှုနှင့် ချေးငွေတိုးမြှင့်ထုတ်ချေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။ 

ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးက  (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက တင်ပြလာသော ချေးငွေသက်တမ်းတိုးမြှင့်ခွင့်ပြုရန်နှင့်  လုပ်ငန်းတိုးချဲ့ဆောင်ရွက်မှုများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ပြုရန် ကိစ္စရပ်များကို ကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး၊ ကော်မတီဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။ 
     
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လက်တွဲပူးပေါင်းပြီး၊ နိုင်ငံတော်မှထောက်ပံ့ပေးသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကိုအသုံးပြုကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် (၃) ရပ်ကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


                                               သတင်းစဉ်