စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၅ 

ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ တောတောင်ရေမြေကိုထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဉတုမျှတကောင်းမွန်စေရေးနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများနိုးကြားတက်ကြွစွာ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာကြရန် တိုက်တွန်းနှိုးဆော်သည့် ရည်ရွယ်ချက်များဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ (ဇူလိုင်လ ၄ ရက်) ညနေပိုင်း တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝင်းအတွင်း ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာတွင် ကျွန်းပင်ကို စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ကျွန်းပင်များကို အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးကြသည်။ ထို့နောက်  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင်ပေါင်း (၁၀၀၀) ကျော်ကို စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်