
နေပြည်တော် ၊ ဇူလိုင် ၂
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်း၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့မှ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးမှာ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင်ဆွေးနွေးခဲ့ကြသည့်အတိုင်း အထောက်အကူပြု လုပ်ငန်းအဖွဲ့အလိုက် ယခုနှစ်အတွင်း ဆောင်ရွက်ကြမည့် Timeline နှင့် Scheduleများကို ရရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုထက်ပို၍ ဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ လုပ်ငန်းစဉ်များရှိပါက ဆွေးနွေးပေးစေလိုကြောင်း၊ ၂၇-၆-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် World MSME Day အခမ်းအနားတွင် မိမိတို့အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခဲ့ပါကြောင်း၊ ဒါ့အပြင် လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးလမ်းညွှန်ချက်အရ ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် MSME ကုန်ထုတ်လုပ်မှု စစ်တမ်းကိုကောက်ယူလျက်ရှိပါကြောင်း၊ စစ်တမ်းကာလကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ စီမံချက်ကာလ (၃)နှစ်သတ်မှတ်ထားပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ မြို့နယ် (၂၁)မြို့နယ်၌ MSME ကုန်ထုတ်လုပ်မှု လုပ်ငန်း (၂၀၆၇)ခုကို စစ်တမ်း ကောက်ယူခဲ့ပါကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုသာ ကောက်ယူခြင်းဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းများ မပါဝင်ကြောင်း၊ စစ်တမ်းအစီရင်ခံစာအား ပြုစုဆဲဖြစ်ကြောင်း၊ ကောက်ယူရရှိခဲ့သည့် အချက်အလက်များအရ MSME လုပ်ငန်းများ၏ အခက်အခဲများနှင့် စိန်ခေါ်မှုများကို သိရှိနိုင်ပြီး သုံးသပ်ချက်၊ အကြံပြုချက်များနှင့် အစီရင်ခံစာကို ပြုစုတင်ပြသွားမည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် အဖွဲ့ဝင်များအနေဖြင့် အစီရင်ခံစာများဖြင့် သုံးသပ်တင်ပြခြင်းအပြင် MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့တွင် မည်သို့ပူးပေါင်း ဆောင်ရွက်သင့်ကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ အတွင်းရေးမှူးက လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ ၂၁-၃-၂၀၂၅ ရက်မှ ၁-၇-၂၀၂၅ ရက်အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့က အဖွဲ့တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အထောက်အကူပြုလုပ်ငန်းအဖွဲ့များအနေဖြင့် အစီရင်ခံစာများပြုစုတင်ပြရာတွင် Timeline and Scheduleနှင့်အညီ ပြုစုတင်ပြရန်၊ အချက်အလက်များစုစည်းရာ၌ အချက်အလက်စုံလင်စေရေး သတိပြုဆောင်ရွက်ရန်နှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် UMFCCI နှင့် MYEA တို့ကဲ့သို့သော ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။