မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၅/၂၀၂၃-၂၀၂၄) ကြိမ်မြောက်အစည်းအ‌ဝေး ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဥက္ကဌအဖြစ် ဆောင်ရွက်သည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၅/၂၀၂၃-၂၄) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

    အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို ပထမအကြိမ် ချေးငွေအဆိုပြုလွှာခေါ်ယူပြီး Project Management Unit နှင့် PFI ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၇) ခုတို့မှ လုပ်ငန်းရှင် (၂၁) ဦးသို့  ကျပ် (၁၇၇၃) သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ ယခု ဒုတိယအကြိမ်ချေးငွေအဆိုပြုလွှာခေါ်ယူပြီးဖြစ်၍ ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လုပ်ငန်းရှင်များကို ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများ အမြန်ဆုံး ထုတ်ချေးပေးသွားရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ 

    ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေး မှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ချေးငွေထုတ်ချေး ပြီးအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကိုလည်းကောင်း၊ အထောက်အကူပြု အဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ Project Management Unit  စီမံကိန်းဒါရိုက်တာက ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးမှုများ အပေါ် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး၊ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

    အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်တွင်းစားသုံးဆီဖူလုံရေးတွင် နိုင်ငံတော်မှ ဆီထွက်သီးနှံများ တိုးတက်ထွက်ရှိရေးကို အားပေးဆောင်ရွက်လျက်ရှိသည့်နည်းတူ ဆီစက်များ အဆင့်မြှင့်တင်ရေးနှင့် ဆီစက်လုပ်ငန်းများ တိုးချဲ့နိုင်ရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေများကို စနစ်တကျစိစစ်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်