အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်     ဇူလိုင်     ၂၀
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်း၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာ နိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့မှ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ အစည်းအဝေးကို (၂) လ (၁)ကြိမ် ပုံမှန်ကျင်းပခြင်းဖြင့် အထောက်အကူပြုအဖွဲ့(၄)ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို စဉ်ဆက်မပြတ်သိရှိနိုင်ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဝိုင်းဝန်း ညှိနှိုင်း ဆွေးနွေးနိုင်သဖြင့်  လုပ်ငန်းကော်မတီသို့ အစီရင်ခံစာများ တင်ပြခြင်း၊ လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပချိန်၌ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး၊ သွင်းကုန်အစားထိုးရေးနှင့် ပို့ကုန်မြှင့်တင်ရေး ဆိုသည့် အချက် (၃) ချက်ကို မူဝါဒများအဖြစ်ခံယူပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့အဖွဲ့၏ အထောက်အကူပြုအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကနဦးလေ့လာသုံးသပ်ရေး လုပ်ငန်းအဖွဲ့မှ တင်ပြထားသည့် ပြည်တွင်းဒေသအသီးသီးရှိ MSME လုပ်ငန်းများ၏ လုပ်ငန်း အမျိုးအစားအလိုက် ဖြစ်ပေါ်နေသည့် အခြေအနေများကို လေ့လာဆန်းစစ်ချက်နှင့် MSME များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်မှပံ့ပိုးဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များ အစီရင်ခံ စာကို လုပ်ငန်းကော်မတီသို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အထောက်အကူပြု အဖွဲ့များမှ တင်ပြသည့် အစီရင်ခံစာများကို လုပ်ငန်းကော်မတီသို့ တင်ပြပြီး လုပ်ငန်းကော်မတီ မှတစ်ဆင့် ဗဟိုကော်မတီကို ဆက်လက်တင်ပြသွားမှာဖြစ်သည့်အတွက် Integrated and Holistic Timetable ရေးဆွဲပြီး အဆိုပါ Timetable ပေါ်မူတည်၍ လုပ်ငန်းဆောင်ရွက်မှုများကို လုပ်ငန်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊  အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့ အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊  လက်ရှိအခြေအနေများကို မျက်ခြည်မပြတ်လေ့လာရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာသုံးသပ်မှုများပြုလုပ်ပြီး အစီရင်ခံစာများပြုစုတင်ပြရန် လိုအပ်ကြောင်း၊ လုပ်ငန်းအဖွဲ့အလိုက် ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်  အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄) ဖွဲ့၏ တင်ပြချက် များအပေါ် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားပါသည်။
ထို့နောက် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးရုံးလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးက လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြ ပါသည်။ 
ဆက်လက်၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့က အဖွဲ့တစ်ခုချင်းအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိုင်ငံတော်မှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ တစ်ဖက်တစ်လမ်းမှ အထောက်ကူပြုနိုင်ရန်အတွက် အခြား နိုင်ငံများရှိ MSME လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လေ့လာသုံးသပ်၍ မိမိနိုင်ငံနှင့်ကိုက်ညီပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အကြံပြုချက် များကို တင်ပြရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။   
သတင်းစဉ်
 

, ,