ရခိုင်ပြည်နယ်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်နယ်တာဝန်ခံများနှင့် တွေ့ဆုံ

နေပြည်တော်၊ ဇွန် ၁၇ 
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၏ ခရီးစဉ်တွင် အဖွဲ့ဝင် အဖြစ် လိုက်ပါသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဇွန်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံး၌ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ ဒုတိယအထွေထွေမန်နေ ဂျာများနှင့်တွေ့ဆုံ၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ဌာနဆိုင်ရာအဆောက်အဦများ ထိခိုက်ပျက်စီးမှု၊ ဝန်ထမ်းအိမ်ရာများ၊ ဝန်ထမ်းကိုယ်ပိုင်/မိသားစုပိုင်အိမ်ရာများ ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။ 
    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် မုန်တိုင်းဒဏ်သင့်ခဲ့သည့် မြို့နယ် ၁၇ မြို့နယ် အတွင်း ဌာနပိုင်နှင့် ဝန်ထမ်းမိသားစုပိုင် အဆောက်အအုံ၊ မော်တော်ယာဉ်၊ ရေ၊ မီး၊ တိရစ္ဆာန် စသည်ဖြင့် ထိခိုက်ပျက်စီးမှုတန်ဖိုး  ကျပ် သန်း ၂၂၀၀ ခန့် ရှိခဲ့သည်။ အဆိုပါထိခိုက်ပျက်စီးမှုများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ်ဘဏ္ဍာ ရန်ပုံ ငွေတို့မှ ဘဏ္ဍာရေးစည်းမျဉ်းလုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာအသုံးစရိတ်ခေါင်းစဉ်မှ သုံးစွဲ ခြင်း၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ အရေးပေါ်ရန်ပုံငွေမှတောင်းခံခြင်း၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံ ခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းတင်ပြတောင်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ဝန်ထမ်းများအတွက် ကူညီထောက်ပံ့ငွေများကို ဝန်ကြီးဌာနရှိ ဌာနအားလုံးမှ စုပေါင်း လှူဒါန်းငွေ ကျပ် ၂၀၆ သိန်းဖြင့် ကူညီပံ့ပိုးဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။ 
    ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရုံးဌာနအဆောက်အဦများပျက်စီးမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်

,