နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကျင်းပ

နေပြည်တော် ၊ မေ ၁၉

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် (၄၀၀) ဘီလီယံမှ ပထမဦးစွာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ် ၂၃၀ ဘီလီယံ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ (၆) ခုတို့သို့ ကျပ် ၅ ဘီလီယံစီဖြင့် စုစုပေါင်း ရန်ပုံငွေ ကျပ် ဘီလီယံ ၃၃၀ ကို မတည်ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။

ဒုတိယအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ လက်ကျန်ငွေ ကျပ် (၇၀) ဘီလီယံမှ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေထူထောင်နိုင်ရေးအတွက် ကျပ် (၅၀) ဘီလီယံနှင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကျပ် (၂၀) ဘီလီယံတို့ကို ခွင့်ပြုခဲ့ပါကြောင်း၊ တတိယအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေလက်ကျန်ငွေမှ ကျပ် ၅၂ ဘီလီယံကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေသို့ လွှဲပြောင်းရယူ၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့သို့ ကျပ် ၁၀ ဘီလီယံစီ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ ကျပ် ၈ ဘီလီယံစီ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဖြန့်ခွဲထုတ်ပေးထားမှုမှာ စုစုပေါင်း ကျပ် ၄၅၂ ဘီလီယံ ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် တစ်ဦးချင်းအတွက် အများဆုံးထုတ်ချေးရမည့် ချေးငွေပမာဏထက်ကျော်လွန်၍ ထုတ်ချေးထားသောချေးငွေများအပေါ် လုံလောက်သော အာမခံရယူထားရေး၊ ချေးငွေသက်တမ်းကာလအတွင်း အရင်း/အတိုး ပုံမှန်ပြန်လည်ပေးဆပ်စေရေးနှင့် ချေးငွေသက်တမ်းမစေ့ရောက်သော်လည်း စတင်ချေးယူခဲ့သည့်ရက်မှစ၍ တစ်နှစ်ပြည့်ပါက အရင်း/အတိုး ပြေကြေစွာပြန်လည်ပေးဆပ်စေရေး ဆောင်ရွက်ရန်နှင့် ချေးငွေပေးဆပ်ပြီးပါက ချေးငွေပမာဏသတ်မှတ်ချက်အတွင်းမှသာ ထုတ်ချေးသွားရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ချေးငွေစိစစ်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ၈ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ၆ ခုတို့သို့ သွားရောက်စစ်ဆေးခဲ့ပြီး၊ ကျန်ရှိသည့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့သို့လည်း Virtual Meeting ပြုလုပ်ပြီး စစ်ဆေးမည်ဖြစ်ကြောင်း။

ယနေ့အစည်းအဝေးတွင် မွန်ပြည်နယ်မှတင်ပြသည့် အထူးချေးငွေထုတ်ချေးပေးနိုင်ရေးကိစ္စနှင့် ချင်းပြည်နယ်မှတင်ပြသည့် ချေးငွေသက်တမ်းတိုးမြှင့်ပေးနိုင်ရေးကိစ္စတို့အပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း။

 နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရန်ပုံငွေအား လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားတိုးမြင့်လာရေးကို ဘက်ပေါင်းစုံမှထောက်ပံ့ကူညီပေးလျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့် အကျိုးရှိစွာစနစ်တကျအသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဦးညွန့်အောင်နှင့် ကော်မတီအဖွဲ့ဝင်များက  သက်ဆိုင်ရာကဏ္ဍအလိုက်တွေ့ရှိချက်၊ လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  
သတင်းစဉ်