မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီး ဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက် (၉:၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပသည်။

အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က အမှာစကားပြောကြားရာ၌ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် ပို့ချ ပေးမည့် အခွန်ဆိုင်ရာဘာသာရပ်များကို လေ့လာမှတ်သား၍ လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများအား သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့်အခွန်ငွေများကို တာဝန်သိစွာပေးဆောင်လာစေမည့် အခွန်ယဉ်ကျေးမှုထွန်းကားလာစေရေး အသိပညာပေး စည်းရုံးဆောင်ရွက်သွားကြရန်နှင့် ပြည်တွင်းအခွန်များဦးစီးဌာနဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရန်၊ ဌာန၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် အားလုံးက ကြိုးပမ်းဆောင်ရွက်ကြရန် အသေးစိတ်လမ်းညွှန်မှာ ကြားပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့ အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်မှကောက်ခံရရှိသော အခွန်အကောက် စုစု ပေါင်း၏ (၈၀) ရာခိုင်နှုန်းကျော်ကို နှစ်စဉ်ကောက်ခံပေးနေသည့်ဌာနတစ်ခုဖြစ်ပြီး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝမှုသည် အရေးကြီးသဖြင့် ယခုကဲ့သို့လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပြီး လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် ရှင်းလင်းလွယ်ကူသောအခွန်စနစ်များ ကျင့်သုံးဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်အတွက် ရသင့်ရ ထိုက်သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝကောက်ခံ ရရှိနိုင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ ယခုသင်တန်းသို့ ပြည်တွင်းအခွန်များဦးစီး ဌာနမှ အရာထမ်း သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၈၀) ဦးတို့က ရက်သတ္တပတ် (၈) ပတ်ကြာ တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ (သတင်းစဉ်)