စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာ့စီးပွားရေးဘဏ်၊ လက်ထောက်မန်နေဂျာများ ဘဏ်လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အပြည့်အဝပံ့ပိုးကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ဖွင့်လှစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ လက်ထောက်မန်နေဂျာများ ဘဏ်လုပ်ငန်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အထွေထွေမန်နေဂျာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့်  အဖွဲ့အစည်းများအတွက်  ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဆောင်ရွက်ပေးနေသည့် ဘဏ်ကြီးတစ်ဘဏ်ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရဌာနဆိုင်ရာအားလုံး၏ ငွေစာရင်းများကို ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားလစာများ၊ ဆုကြေးကိစ္စရပ်များကိုလည်း တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းစနစ်နှင့်ပတ်သက်၍ သတ်မှတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရကြောင်း၊ သို့ဖြစ်ရာ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ ပို့ချပေးမည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များအား သိရှိနားလည်ပြီး လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်အဖြစ် သေချာစွာ မှတ်သားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ပြောင်းလဲလာသည့်ခေတ်နှင့်အညီ ဆောင်ရွက်နေသည့် Core Banking စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက်လည်း ကြိုးပမ်းကြရန်လိုကြောင်း၊ ပြည်သူများက အစဉ်အားထား ယုံကြည်ရသည့်ဘဏ်တစ်ခု ဖြစ်စေရေးအတွက် ဘဏ်နှင့်ဆက်သွယ်သူပြည်သူများကို စေတနာထားပြီး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ အပြည့်အဝပံ့ပိုးကူညီဆောင်ရွက်ပေးရန် မှာကြားလိုကြောင်း၊ ဝန်ထမ်းများဖြစ်ကြသည့်အားလျော်စွာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ ပြုမူနေထိုင်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွားကို အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)နှင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲအတွင်း ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားပါသည်။ ယခုဖွင့်လှစ်သည့်သင်တန်းသို့ မြန်မာ့စီးပွားရေးဘဏ်တွင် လက်ထောက်မန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် သင်တန်သား/သင်တန်းသူ (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၅) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ (သတင်းစဉ်)

နေပြည်တော်၊ မေ  ၃ ရက်