လျော်ကြေးပေးအပ်ပွဲ သတင်းထုတ်ပြန်ချက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာ့အာမခံလုပ်ငန်း

လျော်ကြေးပေးအပ်ပွဲ သတင်းထုတ်ပြန်ချက်

 

ရန်ကုန်မြို့                                                                                                                          ရက်စွဲ၊ ၃၁.၈.၂၀၁၇

 

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာအကွယ်များ ဝယ်ယူ ထားရှိပြီးကုန်ပစ္စည်း၊ မော်တော်ယာဉ်၊ အဆောက်အဦး၊ လူအသက်ဆုံးရှုံးခဲ့သူများ သို့ လျော်ကြေး ပေးအပ်ပွဲအခမ်းအနားအား၊ ရန်ကုန်မြို့၊ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) စတုတ္တထပ် အစည်းအဝေးခန်းမ တွင် ၃၁.၈.၂၀၁၇ ရက်နေ့ ၁၅:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

၂။      အဆိုပါ အခမ်းအနားသို့ ဆုံးရှုံးနစ်နာမှုလျော်ကြေးများ လက်ခံရယူရန်၊ ကုန်ပစ္စည်းပိုင်ရှင်များ၊ မော်တော်ယာဉ်ပိုင်ရှင်များ၊ သင်္ဘောသားအသက်အာမခံထားရှိသူများ၏ အကျိုးခံစားခွင့်ရှိသူများ၊ မြန်မာ့အာမခံလုပ်ငန်း၊ ဌာနအသီးသီးမှ ဌာနအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

 

၃။      အခမ်းအနားတွင် မြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံ အကာအကွယ်ရယူလိုသော၊ စီးပွား​ရေးလုပ်ငန်းရှင်များနှင့် အာမခံထားရှိသူများသို့ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေးပေးအပ်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယခုအခမ်း အနားတွင် သင်္ဘောသားအသက်အာမခံလုပ်ငန်းမှ အာမခံသက်တမ်းအတွင်း ကွယ်လွန်သူ သင်္ဘောသား(၁)ဦးလျင် ကျပ်သိန်း (၅၀)ဖြင့် ကွယ်လွန်သူ (၃)ဦးအတွက် အကျိုးခံစားခွင့် ကျပ် ၁၅ သန်း၊ အလုံးစုံမော်တော်ယာဉ် အာမခံထားရှိသော မော်တော်ယာဉ် (၃)စီးအတွက် ကျပ် ၈.၈၆ သန်း၊ မီးလောင်မှုလျော်ကြေး (၅)စောင် ရေစိုပျက်စီးမှုလျော်ကြေး (၅)စောင်၊ ငလျင်ကြောင့် ပျက်စီးမှုလျော်ကြေး(၆)စောင်၊ လေမုန်တိုင်းကြောင့် ပျက်စီးမှုလျော်ကြေး(၂)စောင် စုစုပေါင်း (၁၈)စောင်အတွက် လျော်ကြေးငွေ ကျပ် ၁၀၂၁.၃၁ သန်း၊ စုစုပေါင်း လျော်ကြေးငွေကျပ် ၁၀၄၅.၁၇ သန်း ကို ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် မြန်မာ့အာမခံလုပ်ငန်း တွင်အာမခံလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ လက်ခံဆောင်ရွက်ပေးသကဲ့သို့ နစ်နာဆုံးရှုံးမှုဖြစ်ပွား သူများကိုလည်း နစ်နာကြေးပေးလျော်ငွေများ လျင်မြန်စွာစီစစ်ထုတ်ပေးခြင်းဖြင့် အာမခံလုပ်ငန်းအပေါ် ပြည်သူများ ပိုမိုယုံကြည်အားကိုးလာကာ ပြည်သူတို့၏ အကျိုးစီးပွားနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဆတက်ထမ်းပို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

၄။      အာမခံလျော်ကြေး၊ နစ်နာကြေးလက်ခံရရှိသူများမှလည်း ကျေးဇူးတင်စကားပြောကြားကာ လျော်ကြေးပေးအပ်ပွဲကို ၁၆:၃၀ နာရီတွင် ပြီးဆုံးကြောင်းနှင့် ဧပြီ ၁ ရက်နေ့မှ ယနေ့ထိ မြန်မာ့အာမခံလုပ်ငန်းမှ စုစုပေါင်းလျော်ကြေး ကျပ် ၂၈၇၃.၇၈ သန်းကို ပေးလျော်ပြီဖြစ်ကြောင်း သတင်း ရရှိပါသည်။

 

                                                                                                                                                                                                                                                                                                                        မြန်မာ့အာမခံလုပ်ငန်း