မြန်မာ့အာမခံလုပ်ငန်း၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရုံး(အင်းစိန်) ရုံးဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ပြည်သူများ သွားလာမှုလွယ်ကူချောမွေ့စေရေးအတွက် မော်တော်ယာဉ်လိုင်စင်သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင်များအတွက် သူတစ်ပါး ထိခိုက်မှုအာမခံပရီမီယံကြေးကောက်ခံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ရေးအတွက် (၁၈.၂.၂၀၁၉) ရက်နေ့၊ (၁၃:၀၀)နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး ကိုဖွင့်လှစ်ခဲ့ ပါသည်။ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မော်တော်ယာဉ် (၁၄၂၄၆)စီးနှင့် ယာဉ်မောင်းလိုင်စင်(၂၂၁၆၈၀)ဦးတို့အတွက် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်သို့ လာရောက်ဆောင်ရွက်ရန် မလိုအပ်တော့ပါသဖြင့် အချိန်ကုန် လူပင်ပန်းသက်သာစေပါသည်။ ထိုသို့အဆင်ပြေချောမွေ့စေရန် မြန်မာ့အာမခံလုပ်ငန်းနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါရုံး၌ အလုံးစုံမော်တော်ယာဉ်အာမခံထားရှိနိုင်ရေးအတွက် One Stop Service ဖြင့်လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်သောင်း၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဥက္ကဌ၊ လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ၊ အင်းစိန်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးသာအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ ရန်ကုန်မြောက်ပိုင်းခရိုင်အဆင့်၊ အင်းစိန်မြို့နယ်အဆင့်၊ ဌာနဆိုင်ရာအရာရှိများ တက်ရောက်ကြပါသည်။