ရုရှား-မြန်မာ အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မရှင် အစည်းအဝေးကျင်းပခြင်းနှင့် ရန်ကုန်မြို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်မှု ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရေးဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း

, ,

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်၍ အစိုးရနှင့် ပုဂ္ဂလိကကိုယ်စားလှယ်စုစုပေါင်း (၁၂)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါကော်မရှင်အစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်း နိုင်ငံဘက်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး H.E. Mr. Maksim Oreshkin ဦးဆောင်၍ အစိုးရနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ဥပဒေဆိုင်ရာ မူဘောင်များ တိုးမြှင့်ထားရှိရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုဆိုင်ရာ နယ်ပယ်များနှင့် စီမံချက်ဆိုင်ရာ ကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်  မြန်မာနိုင်ငံတို့အကြား လူသားချင်းစာနာထောက်ထားမှုနှင့် ပညာရေးဆက်နွယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ဒုတိယအကြိမ် ကော်မရှင်အစည်းအဝေး ကျင်းပစဉ်ကာလအတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးတို့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံအစိုးရနှင့်  ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရတို့အကြား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၏ ကုန်သွယ်မှုကိုယ်စားလှယ်ရုံး ဖွင့်လှစ် ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါသည်။

အဆိုပါကော်မရှင်အစည်းအဝေးကို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အလှည့်ကျ ကျင်းပခြင်းဖြစ်ပါသည်။ ပထမအကြိမ်ကော်မရှင် အစည်းအဝေး ကို မြန်မာနိုင်ငံ၊ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။