နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းတိုးတက်မှုနှင့် ရန်ပုံငွေသုံးစွဲမှုကို စောင့်ကြည့် ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း (နေပြည်တော်၊ မေလ၊ ၂၆ ရက်)

မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စားသုံးဆီဖူလုံစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် “နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းတိုးတက်မှုနှင့် ရန်ပုံငွေသုံးစွဲမှုကို စောင့်ကြည့်ကြီးကြပ်ရေးကော်မတီ”၏ ပထမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၆-၅-၂၀၂၂ ရက်နေ့က နေပြည်တော်၊ရုံးအမှတ် (၃၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို “နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်းတိုးတက်မှုနှင့် ရန်ပုံငွေသုံးစွဲမှုကို စောင့်ကြည့်ကြီးကြပ်ရေးကော်မတီ” ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ကော်မတီ၏ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာကော်မတီများ၊ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ နေကြာသီးနှံကို နိုင်ငံတစ်ဝှမ်းတွင် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စီမံကိန်းတိုးတက်မှုကို စောင့်ကြည့်အစီရင်ခံရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့ကြပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတစ်ဝှမ်းလုံးတွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် စီမံချက်များရေးဆွဲအကောင်အထည် ဖော်လျက်ရှိပြီး လိုအပ်သည့် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးစသည့် သွင်းအားစုများ ဖြည့်တင်းရေးကိစ္စရပ်များ၊ ရေရရှိရေးနှင့်မြေယာ ပြုပြင်ရေးကိစ္စရပ်များ၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ရေး ကိစ္စရပ်များအတွက် သီးခြား ကော်မတီများ ဖွဲ့စည်းအကောင်အထည်ဖော်လျက်ရှိကြောင်း သတင်းရရှိသည်။

, ,