ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော် အောက်တိုဘာ ၆
ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် (သောကြာနေ့) နံနက် ၉ နာရီခွဲတွင် ရုံးအမှတ် (၃)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက် ပိုင်ရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့မှ  ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အဖွင့်အမှာစကားပြောကြားရာ တွင်  ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် ရက်စွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၁၅၅/၂၀၂၃) ဖြင့်ဖွဲ့စည်း ခဲ့ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အဓိကတာဝန်ယူ ဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ပြည်ထောင်စုအဆင့် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးတွင် “ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် UMFCCI အသင်းချုပ်အပြင် လိုအပ်သည့် ညီ နောင်အသင်းအဖွဲ့များနှင့်လည်း ပေါင်းစပ်ဆောင်ရွက်ရန်နှင့် လိုအပ်ပါက အစည်းအဝေးများသို့ ဖိတ်ကြားဆောင်ရွက်ရန်” ဆုံးဖြတ်ခဲ့ကြောင်း၊ မိမိတို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအနေဖြင့် လုပ်ငန်းစဉ်တွင် အဓိကကျသည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလများ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးများတွင် အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိအနေအထားတွင် မိမိတို့ ကော်မတီအနေဖြင့် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်နှင့် ဆီသည် အဓိကစားသောက် ကုန်ပစ္စည်းဖြစ်ရာ ဆန်ဈေးနှုန်းနှင့် ဆီဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေး ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် ယနေ့အစည်းအဝေးတွင် ဆန်၊ ဆီနှင့်သက်ဆိုင်သည့် ညီနောင်အသင်းအဖွဲ့များကို ဖိတ်ကြားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အခြားအသင်းအဖွဲ့များ ကိုလည်း နောင်တွင် လိုအပ်သလို သီးခြားဆွေးနွေး၍ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဆက်စပ်နေသည့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကဲ့သို့ အခြားကော်မတီများ နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအရ အကျိုးအမြတ် ရရှိရန် လိုအပ်သကဲ့သို့ စားသုံးသူပြည်သူ လူထုအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်သည့် သင့်တင့် မျှတသော ဈေးနှုန်းများဖြစ်ရန် လိုအပ်ကြောင်း၊ ချမှတ်ထားသည့်မူဝါဒများကိုလည်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး အထောက်အကူ ဖြစ်စေရန်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုး အတွက် ရှေးရှုပြီး ပွင့်ပွင့်လင်းလင်းတင်ပြ ဆွေးနွေးစေလိုကြောင်း ပြောကြားပါသည်။
ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင် အသင်းအဖွဲ့အသီးသီးက ဆန်နှင့် စားသုံးဆီဈေးနှုန်းများတည်ငြိမ်ရေးနှင့်စပ်လျဉ်း၍ ၎င်းတို့ အသင်းအဖွဲ့များ၏ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို အကြံပြုတင်ပြ ဆွေးနွေး ခဲ့ကြပါသည်။ 
ဆက်လက်၍ အသင်းအဖွဲ့များ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)နှင့် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့က ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခြေခံ စားကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ထိန်းကျောင်းဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးပြော ကြားခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကနိဂုံးချုပ်စကားပြောကြားရာတွင် ကုန်ဈေး နှုန်းတည်ငြိမ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းအင်းအချက်အလက်များ မှန်ကန်ရေး သည် အရေးကြီးကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ ပြည်သူလူထု၏ ယုံကြည်မှု မြှင့်တင်ရန်၊ ကောလာဟလများ၊ သတင်းမှားများကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်း မဖြစ်စေရေး အတွက် ဖြန့်ဖြူးရောင်းချသူနှင့် ဝယ်ယူစားသုံးသူ နှစ်ဘက်လုံးက ထိန်းသိမ်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ထိန်းကျောင်းကြီးကြပ်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက ဆောင်ရွက်ရန်ကိစ္စများနှင့်ပတ်သက်ပြီး ဆက်လက်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးဆီ၊ စက်သုံးဆီ တင်သွင်း၊ သိုလှောင်ခြင်း၊ ပြည်တွင်း သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေနှုန်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် ရေးကိစ္စများနှင့်စပ်လျဉ်းပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်သူများအားလုံး ပူးပေါင်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
သတင်းစဉ်