မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်  ၁:၀၀ နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က ဦးဆောင်ကျင်းပပါသည်။
အစည်းအဝေးသို့ ဦးစီးဌာနများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်/မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ပြည်နယ် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြပါသည်။ 
ရှေးဦးစွာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အမျိုးသားအဆင့် ပထမ (၅) နှစ်စီမံချက် (၂၀၁၉-၂၀၂၃) တွင် ဘဏ္ဍာရေးနှစ်အလိုက် ကလေးလုပ်သားစစ်တမ်း ကောက်ယူပြီးစီးခဲ့မှုနှင့် တွေ့ရှိချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအချိန်ဇယားရေးဆွဲရာတွင် တိုင်းဒေသကြီး/ပြည်နယ်များအကြား ကွဲပြားမှုမဖြစ်ပေါ်စေရေး ညှိနှိုင်းဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ Pilot Project အဖြစ်ဆောင်ရွက်မည့် မြို့နယ်သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များနှင့် စစ်တမ်းအစီရင်ခံစာပါ သုံးသပ်အကြံပြုချက်များအပေါ် စောင့်ကြည့်လေ့လာသုံးသပ်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး အခက်အခဲနှင့်လိုအပ်ချက်များကို အကြံပြု ဆွေးနွေးကြရန် ပြောကြားပါသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် က မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ  ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်မှုအခြေအနေ၊ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်စီမံချက် (၂၀၂၄-၂၀၂၈) ရေးဆွဲထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက စစ်တမ်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပါသည်။ 
ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြမှုများ၊ အကြံပြုချက်များအပေါ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

သတင်းစဉ်