စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း၏ နှစ်ပတ်လည် အသင်းဝင်များညီလာခံသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခြင်း

နေပြည်တော်  ဖေဖော်ဝါရီ  ၁၇ 

မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း၏ နှစ်ပတ်လည်အသင်းဝင် များညီလာခံကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ချက်ထရီယံဟိုတယ်၌ Hybrid ပုံစံဖြင့် ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း Online မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါညီလာခံသို့ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အရာထမ်းများ၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေး လုပ်ငန်းများအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုနာယကအဖွဲ့ဝင်များ၊ အဖွဲ့ဝင် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ အဖွဲ့ဝင်မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရက အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးနောက် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာပူးပေါင်းအကောင်အထည်ဖော်ရန်၊ အသိပညာဗဟုသုတများ မျှဝေရန်၊ ဥပဒေစည်းမျဉ်းမူဘောင်များ ပိုမိုခိုင်မာအားကောင်းရေးအတွက် စည်းမျဉ်းချမှတ်သူများနှင့် ထိရောက်စွာဆက် သွယ်ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းကို ဖွဲ့စည်းတည်ထောင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ဖြစ်ပေါ်တိုးတက်မှုများကိုကြည့်လျှင် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၁၄၂) ဖွဲ့ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၁၇၈) ဖွဲ့အထိ တိုးတက်လာခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရှိ ရပ်ကွက် (၂၂၄၅) ရပ်ကွက်နှင့် ကျေးရွာပေါင်း (၂၆၉၈၅) ရွာရှိ အသင်းဝင်ဦးရေ (၃.၅) သန်းကျော်ကို ငွေကြေးဝန်ဆောင်မှုပေးလျက် ရှိသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ကဏ္ဍအလိုက်ငွေကြေးဝန်ဆောင်မှုအနေဖြင့် ထုတ်လုပ်မှုကဏ္ဍတွင် ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၁၄ ရာခိုင်နှုန်း၊ ကုန်သွယ်မှုကဏ္ဍတွင် ၃၈ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ၃၅ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ၆  ရာခိုင်နှုန်းနှင့် ပညာရေးကဏ္ဍတွင် ၁ ရာခိုင်နှုန်းအား ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ၂၀၁၉ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နယ်မြေဒေသလုံခြုံရေးအခြေအနေများကြောင့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ၏လုပ်ငန်းဆောင်ရွက်မှု အရှိန် အဟုန် ကျဆင်းခဲ့သော်လည်း အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှု၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း၏ ပူးပေါင်း ဆောင်ရွက်မှု၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုချင်းစီ၏ကြိုးစားအားထုတ်မှုကြောင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိဘဲ ထိန်းသိမ်းလည်ပတ်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ မိုခါမုန်တိုင်းကျရောက်ခြင်းနှင့် ရေကြီးရေလျှံခြင်း သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကာလများအတွင်း အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ အသင်းဝင်များ၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့မှုကိုလည်း အသိအမှတ်ပြုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးက  အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ နိုင်ငံတစ်ဝန်းရှိ ဝင်ငွေနည်းပြည်သူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေပြု MSME လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကြေးဝန်ဆောင်မှုများ ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ယခုကျင်းပသည့် မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးအသင်းညီလာခံတွင် လက်ရှိကြုံတွေ့ရသည့် အခက်အခဲများကို စုပေါင်းဆွေးနွေးအဖြေရှာခြင်း၊ အသိပညာဗဟုသုတနှင့် အတွေ့အကြုံများ ဖလှယ်ခြင်း၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့တိုးတက်ရေးနှင့် ဝင်ငွေနည်းပြည်သူများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေးဘဝ ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဖော်ထုတ်ရန် လိုအပ်ပါကြောင်း ဆက်လက်ပြောကြားသည်။ 

ထို့နောက် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းညီလာခံကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပရာ အမှုဆောင်အဖွဲ့ဝင်ဟောင်းများ နုတ်ထွက်ခြင်းနှင့် အသစ်ရွေးချယ်ခြင်း၊ လုပ်ငန်းကဏ္ဍအလိုက်သုံးသပ်ချက်စာတမ်းများဖတ်ကြားခြင်း စသည်တို့ကို ဆောင်ရွက်ကြပြီး၊ အခမ်းအနားကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်