စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း၊   စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၉) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားပါသည်။
ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့် ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် တောင်သူတစ် ဦးချင်းကို ကျပ်သိန်း (၇၀၀) အထိ ချေးငွေများအား နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျ ပြန်ဆပ် စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိရာ စီမံကိန်းစတင်သည်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ထိ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခု၊ မြို့နယ် (၁၈၇) ခုတို့မှ တောင်သူ (၅၇၀၃) ဦး သို့ ချေးငွေကျပ် (၂၃၈၄၂၅.၁၇၈) သန်း ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း တိုင်းဒေသကြီး/ ပြည်နယ် (၇) ခုရှိ မြို့နယ် (၁၇) မြို့နယ်မှ တောင်သူ (၄၆) ဦးသို့ ချေးငွေ ကျပ် (၃၁၁၆.၆၅) သန်း ထုတ်ချေးခဲ့ပါကြောင်း၊ ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ် များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန် ဆက်လက်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချေးငွေ အစီအစဉ် ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးလာစေပြီး စက်မှုလယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် ထုတ်ချေးထားသောချေးငွေများနှင့်စပ်လျဉ်း၍ Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး စီမံကိန်း အောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက် မပြတ် ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာများ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အတ္တ၊ ပရ မျှတစွာဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း စသည်ဖြင့် ဆွေးနွေး မှာကြားပါသည်။ 
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန် ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြရာ ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု သုံးသပ်ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ   စုံညီစွာတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။


သတင်းစဉ်