စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်  နိုဝင်ဘာ ၂၁

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၈)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက် ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် တောင်သူတစ်ဦးချင်းကို ငွေကျပ် သိန်း (၇၀၀) အထိ ချေးငွေများအား နှစ်တို (၃)နှစ်၊ နှစ်ရှည် (၅)နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခု၊ မြို့နယ် (၁၈၇) ခုတို့မှ တောင်သူ (၅၆၈၅) ဦးသို့ ထွန်စက်ကြီး (၂၇၅၈) စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၂၆၇၇) စီး ဝယ်ယူနိုင်ရေးအတွက် ချေးငွေ ကျပ်(၂၃၇၁၇၅.၁၇၈) သန်း ထုတ်ချေးပေးထားပြီး၊ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းတွင် တိုင်းဒေသကြီး/ပြည်နယ် (၇)ခုရှိ မြို့နယ် (၁၇) မြို့နယ်မှ တောင်သူ (၂၈) ဦးသို့ ထွန်စက်ကြီး (၂၃) စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၅) စီး ဝယ်ယူနိုင်ရေးအတွက် ချေးငွေ ကျပ် (၁၈၆၆.၆၅) သန်း ထုတ်ချေးပေးခဲ့ကြောင်း၊ ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ်ထုတ်ချေးနိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်သွားရန်၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာများ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အတ္တ၊ ပရ မျှတစွာဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။ 

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြဆွေးနွေးရာ ကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး၊ ဒုတိယဝန်ကြီးက နိဂုံးချုပ် သုံးသပ်ဆွေးနွေးမှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှုမြင့်မားရေးအတွက် တောင်သူဦးကြီးများ၊ ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်သူများ၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများ သုံးစွဲလာနိုင်စေရန် ဘဏ္ဍာရေးပိုင်းမှ ပံ့ပိုးဆောင်ရွက်မှုအဖြစ် အတိုးနှုန်းအလွန်သက်သာသောချေးငွေများ ရရှိနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်