စာရင်းအင်းအသုံးပြုသူများနှင့် စာရင်းအင်းထုတ်ပြန်သူများကြား ပိုမိုချိတ်ဆက် ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၁
စာရင်းအင်းအသုံးပြုသူများနှင့် စာရင်းအင်းထုတ်ပြန်သူများအကြား ပိုမိုချိတ်ဆက် ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၀၉:၃၀)နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားပါသည်။ 
အလုပ်ရုံဆွေးနွေးပွဲသို့ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာန/ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားရာတွင် စာရင်းအင်းအသုံးပြု သူများနှင့် စာရင်းအင်းထုတ်ပြန်သူများအကြား ယုံကြည်မှုရှိသည့် ဆက်ဆံရေး တည်ဆောက်နိုင် စေရန်နှင့် အားလုံးပါဝင်နိုင်သည့် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့သည် နိုင်ငံ၏ မေခရိုစီးပွားရေးကဏ္ဍ တွင် အရေးပါသည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းများ၊ ကုန်သွယ်မှု စာရင်းအင်းများ၊ လူမှုရေးကဏ္ဍတွင် မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာစာရင်းအင်းများ တွက်ချက် ထုတ်ပြန်ခြင်း၊ ဌာနဆိုင်ရာများ၏ အုပ်ချုပ်မှုဆိုင်ရာမှတ်တမ်းများမှ စာရင်းအင်းအချက်အလက် များ ရယူစုစည်း ထုတ်ပြန်ခြင်း၊ အုပ်ချုပ်မှုဆိုင်ရာမှတ်တမ်းများမှ  မရရှိနိုင်သည့် စာရင်းအင်း အချက်အလက်များကို စစ်တမ်းများကောက်ယူ၍ အစီရင်ခံစာများ ထုတ်ပြန်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊
မြန်မာနိုင်ငံ၏ စာရင်းအင်းစနစ်သည် ဗဟိုချုပ်ကိုင်မှုလျှော့ချသည့်စနစ် (Decentralized System) ဖြစ်သည့်အတွက် စာရင်းအင်းပြုစုထုတ်ပြန်သည့် ဌာနများအနေဖြင့် ပူးပေါင်းဆောင် ရွက်မှုနှင့် ချိတ်ဆက်မှုယန္တရားကို ပိုမိုအားကောင်းအောင်ဆောင်ရွက်နိုင်မှသာ မှန်ကန်ပြီး အရည် အသွေးပြည့်ဝ၍ ယုံကြည်ကိုးစားနိုင်သည့် စာရင်းအင်းများ ရရှိထုတ်ပြန်နိုင်မည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှုအမျိုးသားအဆင့်မဟာဗျူဟာတွင် စာရင်းအင်း အချက်အလက် အသုံးပြုသူများနှင့် ဆက်သွယ်ဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးသည် အဓိက လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ၎င်းအပြင် အသုံးပြုသူများ လိုအပ်သည့် စာရင်းအင်းအချက် အလက်များ တွက်ချက်ထုတ်ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂ စာရင်းအင်းဌာနနှင့် နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက် များ၏ နည်းပညာနှင့် အထောက်အပံ့တို့ဖြင့် User Engagement Strategy ကို ၂၀၁၉ ခုနှစ်တွင် ရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါ မဟာဗျူဟာအရ စာရင်းအင်းအသုံးပြုသူနှင့် ထုတ်ပြန်သူကြား အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခြင်း၊ အသုံးပြုသူများ၏ သဘောထားအမြင် စစ်တမ်းများ ကောက်ယူခြင်း စသည့်နည်းလမ်းများဖြင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊
စာရင်းအင်းဆိုင်ရာလုပ်ငန်းများ မြှင့်တင်နိုင်ရေးနှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ “ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည့် စာရင်းအင်းစာစောင်များ နှင့် ကိန်းဂဏန်းအချက်အလက်များအပေါ် သုံးစွဲသူများ၏ သဘောထားအမြင်စစ်တမ်း” ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း Online မှ ကောက်ယူခဲ့ပါကြောင်း၊ အဆိုပါစစ်တမ်းသည် အသုံးပြုသူများ၏ တရားဝင်စာရင်းအင်းများအပေါ်တွင် ယုံကြည်ကိုးစားမှုကို ဆန်းစစ်သည့် စစ်တမ်းဖြစ်ပါကြောင်း၊ စာရင်းအင်းထုတ်ပြန်သည့် ဌာနများအနေဖြင့် စာရင်းအင်း အသုံးပြုသူ များ၏ လိုအပ်ချက်ကို ပိုမိုသိရှိနားလည် သဘောပေါက်ပြီး လိုအပ်ချက်များနှင့်အညီ ထုတ်ပြန် ပေးခြင်းဖြင့် အမျိုးသားစာရင်းအင်းစနစ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက Promoting Statistical Literacy for All ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်က Improving Statistics User-Provider Relation ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပါသည်။
မွန်းလွဲပိုင်းတွင် စာရင်းအင်းပြုစု ထုတ်ပြန်သည့် အစိုးရဌာနများနှင့် မြန်မာနိုင်ငံစာရင်းအင်း ပညာရှင်များအသင်းတို့မှ တာဝန်ရှိသူများက ဦးဆောင်၍ “Dissemination of Official Statistics” နှင့် “Statistics User Participation and Stakeholder Engagement” ခေါင်းစဉ်တို့ဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်ပြီး တက်ရောက်လာသူများမှ ပါဝင်ဆွေးနွေးခဲ့ပါသည်။
(သတင်းစဉ်)