စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီငါးမျိုးစိတ်စိုက်ထည့်ပွဲ ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၁

    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီငါးမျိုးစိတ်စိုက်ထည့်ပွဲကို ယနေ့၊ နံနက် (၀၇:၀၀) နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပရာ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်း (၃၅၃) ဦး တက်ရောက်ကြသည်။

    ငါးမျိုးစိတ်စိုက်ထည့်ပွဲကို အစီအစဉ်အတိုင်း ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက မင်္ဂလာကန် အတွင်းသို့ ကြီးထွားနှုန်းမြန်ဆန်သည့် ငါးခုံးမ သားပေါက်ကောင်ရေ (၃၅,၀၀၀) ကျော် စိုက်ထည့် ပေးခဲ့ကြပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများ ရေရှည် စဉ်ဆက် မပြတ်တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ငါးထုတ်လုပ်မှု တိုးတက် မြင့်မားလာစေရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရေးနှင့် သက်ရှိလူသားများနှင့် သဘာဝ ပတ်ဝန်းကျင်တို့အကြား အချိုးညီစွာတည်ရှိနေသော ဂေဟစနစ် ရေရှည်တည်တံ့နိုင်စေရေးအတွက် ရည်ရွယ်၍ ယခုကဲ့သို့ ငါးမျိုးစိတ်စိုက်ထည့်ပွဲကို ကျင်းပခြင်းဖြစ်ပြီး၊ ယမန်နှစ်ကလည်း ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၃၂,၀၀၀) ကျော် စိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်