ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်းအမှတ်စဉ် (၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇွန် ၆ 
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဖက်ဖက်မှ ဖွံ့ဖြိုးတိုး တက်မှုသည် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားကောင်းခြင်းအပေါ်မှာ များစွာမူတည်လျက်ရှိကြောင်း၊ ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ရှိရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသည့်  နိုင်ငံ့ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုနယ်ပယ်သည်  ဘဏ္ဍာငွေရရှိမှုအရင်းအမြစ်များ တိုးမြင့်ရရှိအောင်ဆောင်ရွက်ရေး၊ အသုံး စရိတ်များကို စနစ်တကျခွဲဝေရေး၊ ခွဲဝေပေးသောအသုံးစရိတ်များကို ထိရောက်စွာအကျိုးရှိရှိ သုံးစွဲနိုင်မှု ရှိ/မရှိ စောင့်ကြည့်သတ်မှတ်ရေးစသည့် အဆင့်အလိုက်လုပ်ငန်းစဉ်များစွာဖြင့် ကျယ်ပြန့်လှသည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း တွင် အခြေခံသင်တန်း၊ အထူးကာလတိုသင်တန်းများအပြင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူး မွမ်းမံသင်တန်းတို့ကိုဖွင့်လှစ်လျက်ရှိကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း (၄) ကြိမ် ဖွင့်လှစ်ခဲ့ပြီး၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့်အရာထမ်း သင်တန်းသား(၁၄၇)ဦးအား သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းကိုတက်ရောက်သည့် သင်တန်းသားများအနေဖြင့်လည်း ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်၊ အကြောင်းအရာများကို သေချာစွာလေ့လာသင်ကြား ပြီး၊ မိမိတို့၏လုပ်ငန်းတာဝန်ထမ်းဆောင်မှုတွင် စနစ်တကျ အသုံးချသွားကြရန်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်း သန်းလင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအောက်ရှိ ဌာန အဖွဲ့အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၅)တွင် ဗဟိုအဖွဲ့အစည်း များ၊ ဝန်ကြီးဌာန၊အဖွဲ့အစည်းများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူး အဆင့် အရာထမ်း (၄၀) ဦး ပါဝင်တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ် ဖြစ်ကြောင်း သိရသည်။


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန