စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မြန်မာ့အာမခံလုပ်ငန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရန်ကုန် ၊ ဇွန် ၂ 

စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ လုပ်ငန်းဆောင်ရွက်ခဲ့မှုများသုံးသပ်ခြင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ်၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြန်မာ့အာမခံလုပ်ငန်း အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း၊  မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊အမှုထမ်းများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့အခမ်းအနားသည် မြန်မာ့အာမခံလုပ်ငန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ကာလမှ အားသာချက်၊အားနည်းချက်များကို သုံးသပ်ဝေဖန်ပြီး ရှေ့လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များချမှတ်ရန်ညှိနှိုင်းအစည်းအဝေးအခမ်းအနားဖြစ်ကြောင်း၊ မြန်မာ့အာမခံလုပ်ငန်းအနေနှင့် နှစ်စဉ်ဝင်ငွေတိုးတက်ရရှိလျက်ရှိပြီး ဝင်ငွေလျာထားချက်ပြည့်မီကျော်လွန်အောင် စွမ်းဆောင်ခဲ့ကြသော ဌာနအကြီးအကဲများနှင့်တကွ အရာထမ်း /အမှုထမ်းများအားလုံး၏ တက်ညီလက်ညီဆောင်ရွက်ခဲ့မှုကို ဂုဏ်ယူအသိအမှတ်ပြုကြောင်း၊

မြန်မာနိုင်ငံတွင် ပြည်သူများ ကြုံတွေ့နိုင်သော မီး‌ဘေး၊ ရေဘေး၊ လေဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်များကို အာမခံစနစ်နှင့် ကာကွယ်‌ထောက်ပံ့နိုင်ရေးအတွက် နိုင်ငံတကာအဆင့်အတန်းနှင့်အညီ လိုအပ်သောအာမခံအမျိုးအစားများကို တီထွင်ဖန်တီးပြီးလုပ်ဆောင်ပေးရန်လိုကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့်ကိုက်ညီသော အာမခံအမျိုးအစားများကို လက်တွေ့ကျကျဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုကြောင်း၊

ထို့ပြင် လုပ်ငန်းတာဝန်များ ကြိုးပမ်းထမ်းဆောင်ကြရာတွင် အရာထမ်း/အမှုထမ်းများအနေနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းကြရန် လိုအပ်ကြောင်း၊ အများပြည်သူနှင့် နေ့စဉ်ထိတွေ့ ဆက်ဆံကြရာတွင် ကောင်းမွန်သောဝန်ဆောင်မှု ပေးနိုင်ရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံခြားသားပိုင်အာမခံလုပ်ငန်းများ၊ ပုဂ္ဂလိကပိုင်အာမခံလုပ်ငန်းများနှင့် တန်းတူယှဉ်ပြိုင်လုပ်ကိုင်နေရသည့်အချိန်ဖြစ်၍ မိမိတို့၏ ဝန်ဆောင်မှုကို ကောင်းသည်ထက်ကောင်းအောင် ကြိုးစားနိုင်မှ ယှဉ်ပြိုင်နိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် အစည်းအဝေးအား အစီအစဉ်
များအတိုင်း ဆက်လက်ကျင်းပပြီး လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်သည့် ဆုရဝန်ထမ်းများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်