စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေ ရယူနိုင်ရန် တောင်သူဦးကြီးများသို့ အသိပေးကြေညာချက်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များ ဝယ်ယူ ရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် အရင်းအနှီး လိုအပ်ချက်ရှိသူ တောင်သူဦးကြီးများသို့ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများ ကို  ၁ နှစ်လျှင် အတိုးနှုန်း ၅%  ဖြင့် ထုတ်ချေးပေးလျက်ရှိပါသည်။
ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက် အများဆုံး ကျပ်သိန်း ၇၀၀၊ တောင်သူအစု အဖွဲ့(၁)ဖွဲ့အတွက် အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ရယူထုတ်ချေးနိုင်ပြီး တောင်သူစိတ်ကြိုက် ဝယ်ယူလိုသည့် လယ်ယာသုံးစက်ကိရိယာများကို စက်ကိရိယာအရောင်းပြခန်း ကုမ္ပဏီများထဲတွင် ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ချေးငွေပေးဆပ်ရာတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက်ချေးငွေအတွက် ၃ နှစ် ၃ ရစ်၊ အဆိုပါစက်များမှအပ ကျန်စက်ကိရိယာများအတွက် ၅ နှစ် ၅ ရစ် ပေးဆပ်သည့်စနစ် ဖြစ်ပါသည်။
ချေးငွေရယူလိုသော တောင်သူဦးကြီးများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်၍ ချေးငွေအတွက် တင်သွင်းရမည့်အာမခံနှင့် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို စုံစမ်းမေးမြန်းပြီး ချေးငွေလျှောက်ထားရယူနိုင် ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ချေးငွေနှင့်စပ်လျဉ်း၍ သိရှိလိုပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)၏ လိပ်စာ၊ အမှတ် ၂၆/၄၂၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့။  ဖုန်း - ၀၁၈၃၉၁၂၃၅  သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

                                                                                     မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန