မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၂/၂၀၂၃-၂၀၂၄) အစည်းအဝေးကျင်းပ

နေပြည်တော် ၊ မေ ၁၆

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်သည့် မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၂/၂၀၂၃-၂၀၂၄) အစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ 
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ ငွေထုတ်ချေးမှုလုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်ရန်အတွက် အထောက်အကူပြုအဖွဲ့(၄)ဖွဲ့နှင့် PMU (Project Management Unit) အဖွဲ့တို့က ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြရန်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရယူရန် လျှောက်လွှာတင်ပြခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဆီစက်လုပ်ငန်းရှင်များအား အမြန်ဆုံးထုတ်ချေးပေးနိုင်ရေးအတွက် PMU (Project Management Unit) အဖွဲ့နှင့် PFI ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမြန်ဆုံးစိစစ်ဆောင်ရွက်လျက် မကြာမီချေးငွေများ ထုတ်ချေးနိုင်ရေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဆက်လက်၍ ချေးငွေအဆိုပြုလွှာများ သတင်းစာမှ ထပ်မံကြော်ငြာခေါ်ယူပေးရန်နှင့် မတည်ရင်းနှီးငွေလိုအပ်ချက်အတွက်ထုတ်ချေးမှုနှင့် လုပ်ငန်းလည်ပတ်ငွေလိုအပ်ချက်အတွက် ထုတ်ချေးမှုတို့ကို မျှတအောင်ဆောင်ရွက်ရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။ 
ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲ့မှုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ချေးငွေမူဝါဒနှင့် ချေးငွေလုပ်ငန်းစဉ်များချမှတ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ အခြားအထောက်အကူပြုအဖွဲ့များမှ ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ လုပ်ငန်းစဉ်သတ်မှတ်ချက်များကိုလည်းကောင်း၊ PMU အဖွဲ့ခေါင်းဆောင်က ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြပါသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ စုံညီစွာတက်ရောက်ကြပြီး၊ ဆီစက်လုပ်ငန်းချေးငွေများကိုဆက်လက်ထုတ်ချေးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၅၀ ကို မတည် ပေးထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်