စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ ၁၅ 
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း   စီမံကိန်း ဦးဆောင်ကော်မတီ (၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားသည်။
ဒုတိယဝန်ကြီးကဆွေးနွေးပြောကြားရာတွင် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေ စီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး အတိုးနှုန်းသက်သာသည့် ချေးငွေအဖြစ် တောင်သူတစ်ဦးချင်း ကျပ်သိန်း (၇၀၀) ထိ နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ % သာဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုရှိ မြို့နယ် (၁၈၇) ခု မှ တောင်သူ (၅၆၅၈) ဦးသို့ ချေးငွေကျပ် (၂၃၅.၃၆) ဘီလီယံ ထုတ်ချေးပေးထားပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြို့နယ် (၂၈) မြို့နယ်မှ တောင်သူ (၈၁) ဦးသို့ ချေးငွေကျပ် (၅.၃၃) ဘီလီယံ ထုတ်ချေးနိုင်ခဲ့ပါကြောင်း၊ ချေးငွေ ရယူလိုသည့် တောင်သူများသို့ ချေးငွေအသစ်များကို စဉ်ဆက်မပြတ် ထုတ်ချေးလျက်ရှိပါကြောင်း၊ ချေးငွေအစီအစဉ်ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ကာ စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် အမြဲမပြတ် ပူးပေါင်းဆောင်ရွက်သွားရန်၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာများ ပါဝင် ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အတ္တ၊ ပရ မျှတစွာဖြင့် ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။ 
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးဦးမင်းသူနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေ၊ စက်နှင့်စက်ပစ္စည်းရောင်းချပေးသည့် ကုမ္ပဏီများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ထုတ်ချေးမည့်ချေးငွေ လျာထားချက်များနှင့် JICA Two Step Loan Project ဝင်ငွေ စာရင်းမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာရင်းသို့ လွှဲပြောင်းမည့်ကိစ္စ စသည့်အစီအစဉ်များအား တင်ပြ ဆွေးနွေးကြပါသည်။အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပြီး စီမံကိန်းအောင်မြင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်