မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၁/၂၀၂၃-၂၀၂၄) အစည်းအဝေး ကျင်းပ


နေပြည်တော် ၊ ဧပြီ  ၅

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သည့်  မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၃-၂၀၂၄) အစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။ အဆိုပါအစည်းအဝေး၌ လုပ်ငန်းအဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အထောက်အကူပြုအဖွဲ့ (၄) ဖွဲ့အနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချိတ်အဆက်မိမိဖြင့် ဆောင်ရွက်လျက်ရှိပြီး ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများကို   အတိုးနှုန်းသက်သာစွာဖြင့် မကြာမီထုတ်ချေးသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပါသည်။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရယူရန် အဆိုပြုလွှာတင်ပြခဲ့ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆီစက်လုပ်ငန်းရှင်များနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ များ၏ တင်ပြချက်အပေါ်  PMU (Project Management Unit) အဖွဲ့နှင့် ထုတ်ချေးမည့်ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို ချေးယူမည့်ဆီစက်လုပ်ငန်းရှင်များအနေဖြင့်လည်း ရရှိသောချေးငွေကို လုပ်ငန်းအောင်မြင်စေရန်အတွက် အကျိုးရှိရှိ ထိရောက်စွာအသုံးချသွားရန်နှင့် တစ်ဖက်တွင်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ခွင့်ပြုပေးသော ရန်ပုံငွေဖြစ်သဖြင့် အပြည့်အဝ ပြန်လည်ပေးဆပ်နိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏မူဝါဒဖြစ်သည့် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချရေးတို့အတွက် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲ့မှုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ချေးငွေမူဝါဒနှင့် ချေးငွေလုပ်ငန်းစဉ်များချမှတ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ အခြားအထောက်အကူပြုအဖွဲ့များမှ ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ လုပ်ငန်းစဉ်များနှင့် သတ်မှတ်ချက်များကိုလည်းကောင်း တင်ပြကြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)