စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေ (Two Step Loan) စီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် ၊ မတ် ၁

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း၊   စီမံကိန်းဦးဆောင်ကော်မတီ၏ (၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ စီမံကိန်းဦးဆောင် ကော်မတီဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက် ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့် ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှစတင်၍ အတိုးနှုန်းသက်သာသည့် ချေးငွေအဖြစ် တောင်သူ တစ်ဦးချင်းသို့ ကျပ်သိန်း (၇၀၀) ထိ နှစ်တို(၃)နှစ်၊ နှစ်ရှည် (၅)နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ် ချေးပေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုရှိ မြို့နယ်(၁၈၇)ခု မှ တောင်သူ (၅၆၀၉) ဦးသို့ ချေးငွေကျပ် (၂၃၂၀၄၅.၈၁၈) သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ချေးငွေရယူလိုသည့်တောင်သူများက တင်ပြလာမှုများကို စိစစ်၍ စဉ်ဆက်မပြတ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ချေးငွေအစီစဉ်ကောင်းမွန်စွာ လည်ပတ်နိုင် ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် တာဝန် ခံမှု၊ တာဝန်ယူမှုဖြင့်  Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး စီမံကိန်းအောင်မြင် ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် အမြဲမပြတ် ညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာများ ပါဝင် ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အတ္တ၊ ပရ မျှတစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း စသည်တို့ကို ဆွေးနွေး မှာကြားပါသည်။ 

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးဦးမင်းသူနှင့် တာဝန် ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ထုတ်ချေးမည့် အစီ အစဉ်များအား တင်ပြဆွေးနွေးကြရာ ဦးဆောင်ကော်မတီဝင်များက ဝိုင်းဝန်းသုံးသပ်ဆွေးနွေး အကြံပြုပါသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်