တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ၂၈-၄-၂၀၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ၏ ဆုံးဖြတ်ချက်အရ “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရမည့် ဝန်ထမ်းများအား နယ်စခန်းများနှင့် စစ်ဆေးရေးစခန်းများသို့ စေလွှတ်မည့် အချိန်ကာလအား သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်းသတ်မှတ်ရန်” ကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၊ အစည်းအဝေးခန်းမတွင် နေ့လယ်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီရုံးတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်တက်ရောက်ပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်နိုင်ရန်အတွက် ဌာနအသီးသီးမှ ဝန်ထမ်းများကို နယ်စခန်းများနှင့်စစ်ဆေးရေးစခန်းများသို့ စေလွှတ်မည့်အချိန်ကာလအား  မည်ကဲ့သို့စေလွှတ်တာဝန် ထမ်းဆောင်စေမည်နှင့် အချိန်ကာလ မည်မျှထား၍ ဆောင်ရွက်သင့်သည်စသည်တို့ကို ဆွေးနွေးညှိနှိုင်းကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ချထားမှုနှင့် အချိန်ကာလတို့အား ဝိုင်းဝန်းအကြံပြုတင်ပြကြရာ ဒုတိယဝန်ကြီးက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်