စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ တတိယအကြိမ်မြောက် အထူးအစည်းအဝေးကျင်းပ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ တတိယအကြိမ်မြောက် အထူးအစည်းအဝေးကို  နေပြည်တော်၊ ရုံးအမှတ် ၂၆ ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။ 

အစည်းအဝေးတွင် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့သည် နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် အာမခံလုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်နိုင်ရေး လမ်းဖွင့်ပေးရန်၊ လိုအပ်သည့် အာမခံအကာအကွယ် အမျိုးမျိုးကို ဆောင်ရွက်ပေးခြင်းဖြင့် အာမခံစနစ်အပေါ် ပြည်သူအများ ယုံကြည်ကိုးစားမှု ပိုမိုရရှိလာစေရန်နှင့် နိုင်ငံအတွင်း အာမခံပညာနှင့် အာမခံလုပ်ငန်း ရှင်သန်တိုးတက်ထွန်းကားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍအား အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေ (၁၉၉၆) နှင့်အညီ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ယင်းသို့ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးထားသည့် နိုင်ငံခြားအသက်အာမခံကုမ္ပဏီ ၅ ခု၊ နိုင်ငံခြားနှင့် နိုင်ငံသားဖက်စပ် အသက်အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံခြားနှင့် နိုင်ငံသားဖက်စပ် အထွေ ထွေအာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင် အထွေထွေအာမခံကုမ္ပဏီ ၅ ခု၊ နိုင်ငံသားပိုင် အသက်အာမခံ ကုမ္ပဏီ ၈ ခု နှင့် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် စုစုပေါင်း အာမခံကုမ္ပဏီ ၂၅ ခုတို့မှ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍတွင် အာမခံလုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ အာမခံအမျိုးအစားများလည်း တိုးတက်များပြားလာပြီး အာမခံအကာ အကွယ်ရယူသူများလည်း တိုးတက်လာကြောင်း၊ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍတွင် အသက် အာမခံလုပ်ငန်းဖွံ့ဖြိုးမှု အားနည်းနေသေးသဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အားကောင်းသော မီးအာမခံ၊ အလုံးစုံမော်တော် ယာဉ်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ စသည့် အာမခံအမျိုးအစား များကိုလည်း ဆက်လက်အားပေးမြှင့်တင်သွားရန်ဖြစ်ကြောင်း၊ ယနေ့ အစည်း အဝေးတွင် မီးအာမခံ ဆိုင်ရာ ပေါ်လစီစည်းမျဉ်းများ၊ လျော်ကြေးပေးအပ်မှုများနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးကြရန် ဖြစ်ကြောင်း ပြောကြားပါသည်။ ဆက်လက်၍ အစည်းအဝေး အစီအစဉ်များ အတိုင်း ဆက်လက် ကျင်းပရာ အဖွဲ့ဝင်များက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးကြပြီး ၁၆:၃၀ နာရီ တွင် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

အစည်းအဝေးသို့ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင် စုစာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အတွင်းရေးမှူးရုံးအဖွဲ့များ စုံညီစွာတက်ရောက်ခဲ့ကြပြီး၊  အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ယနေ့ထိ ပုံမှန် အစည်းအဝေးများ ၂၈ ကြိမ်၊ အထူးအစည်းအဝေး ၃ ကြိမ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း သတင်း ရရှိပါသည်။

သတင်းစဉ်