စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ကြည့်ရှုအားပေး၍ ဆုများချီးမြှင့်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒေါ်သန်းသန်းလင်းတို့နှင့်အတူ ယနေ့၊ မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံးနှင့် လက်အောက်ခံဌာနရုံးများ၌ ကျင်းပပြုလုပ်သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ၂၀၂၂ ခုနှစ်    မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးသည်။

၂၀၂၂ ခုနှစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနများက စုစုပေါင်း အသင်း (၁၈) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲကို နေရာ ၅ နေရာခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် ဝန်ထမ်းများက တပျော် တပါး စုပေါင်းထမနဲထိုး ယှဉ်ပြိုင်အားပေးနေမှုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး၊ အနိုင်ရရှိသည့်အသင်းများအား ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများ စည်းလုံးညီညွတ်ချစ်ခင်စွာဖြင့် စုပေါင်းဆောင်ရွက်မှုအလေ့အကျင့်ကောင်းများ ရရှိစေရန်၊ မြန်မာ့ ရိုးရာဓလေ့ကို ထိန်းသိမ်းတတ်စေရန်၊ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်စွာဖြင့် စည်းလုံးညီညွတ်မှု စွမ်းပကားကို အားပေးမြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်း ရရှိပါသည်။