ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

,

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E Mr. Kohona Walawwe Nimal Dharmakeerthi Karunaratne ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် သီရိလင်္ကာနိုင်ငံ အစိုးရတို့အကြား စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ငွေရေးကြေးရေးကဏ္ဍတို့တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ဆောင်ရွက်ရေး၊ ချစ်ကြည်ရင်းနှီးခိုင်မာမှု ရှိစေရေးအတွက် အပြန်အလှန် အထောက်အကူပြုနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံရုံးမှ Mr. GA. Senaratna နှင့် တာဝန်ရှိသူတို့ တက်ရာက်ကြကြောင်း သတင်းရရှိသည်။