ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

, ,

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးရေး ဦးစားပေးဆောင်ရွက်လျက်ရှိရာ အချိန်ကာလ အပိုင်းအခြားအလျောက် ဆောင်ရွက်ရမည့် လုပ်ငန်းများ တစ်ဆင့်ပြီး တစ်ဆင့် ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း SMEs လုပ်ငန်းများ အားကောင်း လာပါက အိမ်နီးချင်း နိုင်ငံများ၏ ထုတ်ကုန်များအပေါ် မှီခိုနေရသဖြင့် ဖြစ်ပေါ်လျက်ရှိသည့် ကုန်သွယ်မှုလိုငွေပြမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ SMEs လုပ်ငန်းများ အားကောင်း လာပါက စားသုံးသူပြည်သူများအတွက် ဈေးနှုန်းသက်သာစွာဖြင့်  အရည်အသွေးပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်  စားသောက်ကုန်များရရှိလာမည် ဖြစ်ကြောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်ပါက ကုန်ပစ္စည်းများ၏ ဈေးနှုန်းလျော့ကျလာကာ ပြည်သူများ၏ ဝယ်ယူနိုင်စွမ်း (Purchasing Power) မြင့်တက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးလာပါက ပြည်ပထုတ်လုပ်မှုကို မှီခိုနေရသည့် သွင်းကုန်စီးပွားရေးကို ပြည်တွင်းထုတ်ကုန် စီးပွားရေးဖြင့် အစားထိုးနိုင်မည်ဖြစ်ကြောင်း၊ ထိုအပြင် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာပြီး ငွေကြေးလည်ပတ် စီးဆင်းမှုလျင်မြန်လာကာ ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြုသည့် စက်မှုလုပ်ငန်းများဆောင်ရွက်ရန် အခြေခံကောင်းများ ရရှိလာမည်ဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရန်အတွက်  နိုင်ငံတော်မှ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စများကို ဆွေးနွေး တင်ပြစေလိုကြောင်း၊  ကျန်ရှိသည့် လုပ်ငန်းအဖွဲ့အစည်းများကိုလည်း ဆက်လက် ဖိတ်ခေါ် ဆွေးနွေးကာ ပံပိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

          ထိုနောက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ နို့လုပ်ငန်း အသင်း တို့မှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှ ပံ့ပိုးပေးစေ လိုသည့်ကိစ္စများ၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။

          ညှိနှိုင်းအစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

နေပြည်တော် ဧပြီ ၅