တွေ့ဆုံဆွေးနွေးပွဲကျင်းပ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စုဝန်ကြီးရုံး(စီမံကိန်း)၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့ တို့မှ အရာထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်း တိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေ များကို ရှင်းလင်းခဲ့ပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စည်းစည်းလုံးလုံး တာဝန်ထမ်းဆောင်သွားကြရေး၊ COVID-19 ရောဂါကို မပေါ့ဆပဲ သတိပြု ဆင်ခြင်နေထိုင်ရေး စသည်ဖြင့်  ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်း၊ ဒေါ်သန်းသန်းလင်း နှင့် ဦးကိုကိုလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီး ဌာနရှိ လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲ၊ မှတ်တမ်းခန်းများ၊ မော်ကွန်းသိမ်းဆည်းခန်းများ၊ ရည်ညွှန်းစာဖတ်ခန်းများ၊ စက္ကူမဟုတ်သည့် မှတ်တမ်းခန်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။