အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ စီမံချက်ပါလုပ်ငန်းကော်မတီများ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

,

နေပြည်တော် ဇန်နဝါရီလ ၁၉

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ ပြည့်မီအောင်မြင်ရေးအတွက်  စီမံချက် ပါ လုပ်ငန်းကော်မတီများနှင့် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁) နေပြည်တော်၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ၁၃ နာရီအချိန်တွင် ကျင်းပပြုလုပ်ပါသည်။ အဆိုပါအစည်းအဝေးတွင် အေအီးစီ ၂၀၂၅ အတွက် အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေး ကော်မတီ၊ ဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံ စီးပွားရေး အသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော်မှုတွင် အဓိကတာဝန်ယူဆောင်ရွက်မည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ အပါအဝင် စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ပါသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ စီမံချက်တွင် မြန်မာနိုင်ငံမှ လိုက်ပါ အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ကော်မတီအလိုက် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရန် အဆိုပါအစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါသည်။

          အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားရာတွင် အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်ရာတွင် မဖြစ်မနေပါဝင်ရမည်ဖြစ်ပြီး တစ်နိုင်ငံတည်းကွက်ကျန်ခဲ့လို့ မရပါ ကြောင်း၊ ကိုယ်စီကိုယ်စီ အားနည်းချက်များ ရှိနိုင်သော်လည်း ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသို့တက်ရောက်လာကြသည့် အေအီးစီလုပ်ငန်း ကော်မတီများ၏ ဆောင်ရွက်နိုင်စွမ်းပေါ်မူတည်ပြီး အေအီးစီကိုရင်ဆိုင်ကျော်လွှားရမှာ ဖြစ်ပါ ကြောင်း၊ အေအီးစီဖော်ဆောင်မှုတွင် ပါဝင်မည့် အသေးစားနှင့်အလတ် စားလုပ်ငန်းများ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် လိုအပ်သည့် အရင်းအနှီး၊ နည်းပညာ၊ စျေးကွက်တို့ကို စဉ်းစားဆောင်ရွက်ပေး ရန် လိုအပ်ပါကြောင်း၊ ပြည်တွင်းလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကြိုးပမ်း ကြရမည် ဖြစ်ပါကြောင်း၊ အေအီးစီကို အောင်မြင်အောင်ဆောင်ရွက်ရင်းဖြင့် မိမိနိုင်ငံတွင်လည်း အနှစ်သာရ ကျန်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အေအီးစီ ၂၀၂၅ အကောင်အထည်ဖော်မှု သည် ၂၀၁၈ ခုနှစ်သို့ ရောက်ရှိနေပြီဖြစ်တဲ့အတွက် ပီပြင်တဲ့အနေအထားတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ယနေ့လုပ်ဆောင်ချက်များသည် နောင်အနာဂတ်အတွက် အရေးကြီးသည့် အားလျော် စွာ အေအီးစီအကောင်အထည်ဖော်မှုတွင်လည်း မိမိတို့နိုင်ငံမှ မားမားမတ်မတ် ပါဝင် အကောင် အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက် လာကြတဲ့ အေအီးစီလုပ်ငန်းကော်မတီများအနေဖြင့် သက်ဆိုင်ရာအေအီးစီလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ မိမိတို့ဝန်ကြီးဌာနမှ ပေါင်းစပ်ညှိနှိုင်းပေးရန် လိုအပ်သည့်ကိစ္စများရှိပါက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း ထည့်သွင်းပြောကြားပါသည်။

          ထို့နောက် အေအီးစီ ၂၀၂၅ အတွက် အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီ၏ တွဲဖက်အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်မှ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွက် အေအီးစီဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်များတွင် ဆောင်ရွက်ရန်ကျန်ရှိသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေးပါသည်။

           ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံစီးပွားရေး အသိုက်အဝန်း ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေး ကော်မတီအောက်ရှိ လုပ်ငန်းကော်မတီအသီးသီးမှ ယင်းတို့နှင့်သက်ဆိုင်သည့် အေအီးစီလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ကော်မတီအသီးသီး တင်ပြချက် များအပေါ် ပြန်လည်ဆွေးနွေးပြောကြားပါသည်။

အဆိုပါ အစည်းအဝေးသည်   ၁၄: ၃၀ နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။