မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း စားသုံးဆီ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များ၊ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံ

, ,

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်ဝင်းသည် မကွေးတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦး​ဇော်မင်း၊ တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့နံနက် ၈ နာရီတွင် မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ၊ မကွေးမြို့နယ်နှင့် အောင်လံမြို့နယ်တို့မှ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့် မကွေးမြို့တွင် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ဆီ လုပ်ငန်းရှင်များနှင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူတို့ Contract Farming ဖော်ဆောင်မည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးရာတွင် ဆီထွက်သီးနှံများစိုက်ပျိုးမှုအတွက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ နည်းပညာနှင့် ခေတ်မီလယ်ယာသုံး စက်ကိရိယာများ ပိုမိုအသုံးချရေး၊ ဧက အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်၍ ထုတ်လုပ်မှုကုန်ကျစရိတ်များ သက်သာစေရေးနှင့် စားသုံးသူတို့ အန္တရာယ်ကင်းရှင်းသော အရည်အသွေးမြှင့် ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ချေးငွေပံ့ပိုးမည့် အစီအစဉ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို  အကျယ်တဝင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော တောင်သူလယ်သမားများမှကြုံတွေ့နေရသော အရည်အသွေး မပြည့်မီသည့် သွင်းအားစု အခြေအနေများ၊ လုပ်သားအင်အား မပြည့်စုံသည့် အခက်အခဲများ၊ မိရိုးဖလာ စိုက်ပျိုးမှုစနစ်၏ အတွေ့အကြုံများနှင့် ထုတ်ကုန်စွမ်းအားမြင့် ခေတ်မီနည်းစနစ်တို့ ပေါင်းစပ်လုပ်ကိုင်နိုင်မည့် အခြေအနေတို့အား တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ ဆီစက်လုပ်ငန်းရှင် (၂၅)ဦးနှင့် တောင်သူ (၈၀)ဦး၊ စုစုပေါင်း (၁၀၅) ဦးခန့် တက်ရောက်ကြသည်။

 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  မကွေးမြို့ပေါ်ရှိ အမေထွားဆီစက်နှင့် စိုး ဆီစက်တို့အား သွားရောက်ခဲ့ပြီး အရည်အသွေးမြှင့် စားသုံးဆီများ ထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှု၍  ပြည်တွင်း စျေးကွက် ပိုမိုကျယ်ပြန့်စွာ ဖြန့်ဖြူးနိုင်ခြင်းနှင့် ပြည်ပအထိ တိုးချဲ့တင်ပို့နိုင်ရေး မျှော်မှန်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြု ချက်ဖြင့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် ဂွတ်ဘရားသားစ်ကုမ္ပဏီလီမိတက်၏ နွားသားစပ် မွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းသို့ ဆက်လက်သွားရောက်ခဲ့ပြီး အသားစားနှင့် နို့စားနွားများ မွေးမြူထားရှိမှု အခြေအနေနှင့် တောင်သူများသို့ မွေးဖက်စနစ်ဖြင့် အကျိုးတူမွေးမြူရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်နယ်ဦးစီးမှုး များအား တွေ့ဆုံလမ်းညွှန်မှုများ ပြုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်