စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အမျိုးသားညွှန်ကိန်းမူဘောင်တို့နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အမျိုးသားညွှန်ကိန်းမူဘောင်တို့နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့၊ နံနက် (၉:၃၀)နာရီ တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားရာတွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းမှာ  မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များအတွက် အခြေပြအစီရင်ခံစာ (SDG Indicator Baseline Report 2017) တွင်  ပါသည့် ညွှန်ကိန်းများကို နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင်ဖော်ပြရန်နှင့် အမျိုးသားညွှန်ကိန်းမူဘောင် အချက်အလက် အစီရင်ခံစာ (၂၀၂၁) (National Indicator Framework Status Report 2021) ကို ထုတ်ပြန်နိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ 
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs)     ဆိုသည်မှာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံအားလုံးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးပုံဖော်နိုင်ရန်ရေးဆွဲထားသည့် ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊  SDGs Goals များကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင်ဆောင်ရွက်ကြရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များက ၂၀၁၅ ခုနှစ်တွင် သဘောတူခဲ့ကြပါကြောင်း၊  ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်လည်း SDGs များကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင် ဆောင်ရွက်မည်ဟု  ကတိကဝတ်ပြုခဲ့ပါကြောင်း၊ 
မိမိတို့နိုင်ငံအနေဖြင့် SDGs ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေး၊ ကျား/မ တန်းတူ ညီမျှမှုရှိစေရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ SDGs လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ၂၀၂၀ မှ ၂၀၃၀ အကြား ၁၀ နှစ်တာကာလသည် အကောင်အထည်ဖော်မှုပိုင်းတွင် အရေးကြီးသည့် လက်တွေ့လုပ်ဆောင်ရမည့် ဆယ်စုနှစ်ဖြစ်ကြောင်း၊ သို့ရာတွင် COVID–19 ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် မိမိတို့နိုင်ငံအနေဖြင့် SDG Goals များကို ပြည့်မီအောင် ဆောင်ရွက်သည့်နေရာတွင် အခက်အခဲများရှိပါကြောင်း၊ ထိုအခက်အခဲများသည် မြန်မာနိုင်ငံ တစ်ခုတည်း ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများအားလုံး ကြုံတွေ့နေရသည့် စိန်ခေါ်မှု ဖြစ်ပါကြောင်း၊ 
SDGs တွင် ပန်းတိုင် (Goal) ၁၇ ခု၊ ဦးတည်ချက် (Target) ၁၆၉ ခု ပါဝင်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် အဆိုပါပန်းတိုင်များ၊ ဦးတည်ချက်များကို မည်မျှပြည့်မီအောင် ဆောင်ရွက်ပြီးကြောင်း အကဲဖြတ်တိုင်းတာရာတွင် အသုံးပြုနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် ကုလသမဂ္ဂစာရင်းအင်းကော်မရှင်အစည်းအဝေး၌ ကမ္ဘာလုံးဆိုင်ရာညွှန်ကိန်းမူဘောင်ကို ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ အဆိုပါမူဘောင်ကို အခြေခံပြီး မိမိတို့နိုင်ငံတွင်လည်း SDGs အကောင်အထည်ဖော်ဆောင်ရွက်မှုကို တိုင်းတာနိုင်ရန်အတွက် SDG Indicator Baseline Report ကို ၂၀၁၇ ခုနှစ်တွင် ပြုစုထုတ်ပြန်ခဲ့ပါကြောင်း၊
အဆိုပါ Baseline Report ပြုစုသည့်အချိန်က SDGs ညွှန်ကိန်းများနှင့် ပတ်သက်သည့်  စာရင်းအင်းအချက်အလက်အများစုကို World Bank ၊ IMF စသည့် နိုင်ငံတကာဇာစ်မြစ်များမှ ရယူသုံးစွဲခဲ့ရပါကြောင်း၊ စာရင်းအင်းအချက်အလက်များမှာ တိကျခိုင်မာယုံကြည်ရမှု အားနည်းပါကြောင်း၊ စာရင်းအင်းများကို ခွဲခြမ်းစိတ်ဖြာ လေ့လာသည့်အခါ ရယူသည့် ဇာစ်မြစ်တူမှသာ စာရင်းအင်းအချက်အလက်များသည် တစ်သမတ်တည်းဖြစ်မှု၊ နှိုင်းယှဉ်နှိုင်မှုတို့ ရှိမည်ဖြစ် ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဌာနများအနေဖြင့် မိမိဌာနနှင့်ဆိုင်သည့် စာရင်းအင်းအချက်အလက်များကို ကိုယ်တိုင်ကောက်ယူ၊ စုစည်း၊ တွက်ချက်နိုင်ရန် ကြိုးစားကြဖို့ လိုအပ်ပါကြောင်း၊ 
ထို့အပြင် SDGs အကောင်အထည်ဖော်မှုအပေါ် မိမိတို့နိုင်ငံ၏ ဆန္ဒအလျောက် သုံးသပ်မှု  (Voluntary National Review-VNR) အစီရင်ခံစာ ပြုစုနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် VNR Report တင်သွင်းနိုင်ရန် ဆောင်ရွက်ရာတွင် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့် SDGs ညွှန်ကိန်းများသည် အဓိကလိုအပ်ချက်တစ်ခု ဖြစ်ပါကြောင်း၊ 
ကုလသမဂ္ဂက ချမှတ်ထားသည့် SDGs များသည် ကမ္ဘာ့နိုင်ငံအားလုံးအတွက် ဘုံရည်မှန်းချက်အနေဖြင့် ရေးဆွဲထားခြင်းဖြစ်၍ နိုင်ငံတစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်များ၊ ဦးစားပေးအစီအစဉ်များနှင့် လိုက်လျောညီထွေမှု ရှိသည်များပါသကဲ့သို့ လိုက်လျောညီထွေမှု မရှိသည်များလည်း ပါရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တခြားနိုင်ငံများနည်းတူ SDGs ကို လိုက်ပါအကောင်အထည်ဖော်ရာတွင် မိမိနိုင်ငံနှင့်ကိုက်ညီသော ဦးစားပေး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ စီးပွားရေး၊ လူမူရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ ရည်မှန်းချက်များနှင့် ကိုက်ညီစေရန် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း Myanmar Sustainable Development Plan (MSDP) ကို ၂၀၁၈ ခုနှစ်တွင် ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း၊ 
မိမိတို့နိုင်ငံတွင် အကောင်အထည်ဖော်နေသည့့် စီမံကိန်းအားလုံးသည်လည်း MSDP နှင့် ချိတ်ဆက်နေသည့်အတွက် ဌာနများအလိုက်၊ ကဏ္ဍနှင့်ဒေသအလိုက် ရေးဆွဲထားသည့် စီမံကိန်းများအား အကောင်အထည်ဖော်နေခြင်းသည် MSDP ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ SDGs များ ပြည့်မီရန် ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်း၊ MSDP အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပတ်သက်၍ စီမံကိန်းများ၏ ထိရောက်မှု၊ စွမ်းရည်ပြည့်ဝမှုများကို သိရှိနိုင်ရန်အတွက် စောင့်ကြပ်ကြည့်ရှုမှုနှင့် အကဲဖြတ်မှုမူဘောင်တစ်ခု လိုအပ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အမျိုးသားညွှန်ကိန်း မူဘောင် (National Indicator Framework-NIF) ကို ရေးဆွဲ၍ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊
အမျိုးသားညွှန်ကိန်းမူဘောင်ကို ရေးဆွဲခြင်းသည် MSDP အကောင်အထည်ဖော်မှုကို စောင့်ကြည့်အကဲဖြတ်နိုင်ရန်အတွက်သာမက မိမိတို့နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ်ဖွံ့ဖြိုး တိုးတက်ရန် များစွာအထောက်အကူဖြစ်စေပါကြောင်း၊ အဆိုပါ အမျိုးသားညွှန်ကိန်းမူဘောင်၏ အချက်အလက် အစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း၊ ယခု ၂၀၂၁ ခုနှစ် အမျိုးသားညွှန်ကိန်းမူဘောင် အချက်အလက်အစီရင်ခံစာ ထုတ်ပြန်နိုင်ရန်အတွက် သက်ဆိုင်ရာ အဓိကဌာနများထံမှ နောက်ဆုံးအခြေအနေနှင့်ကိုက်ညီသည့် စာရင်းအင်းအချက်အလက်များကို ပြည့်စုံစွာ အချိန်မီပေးပို့ရန် အလေးအနက် တိုက်တွန်းပြောကြားလိုပါကြောင်း၊ 
ယခုအချိန်တွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အားလုံးအနေဖြင့် ၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ် စီမံကိန်းမူဘောင် နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှင့် အရအသုံးခန့်မှန်းခြေငွေစာရင်းတို့ကို ရေးဆွဲလျက်ရှိပါကြောင်း၊ ကာလတို၊ ကာလလတ်စီမံကိန်းများ ရေးဆွဲသည့်အခါတွင်လည်း MSDP ၊ SDGs တို့နှင့် ချိတ်ဆက်ရေးဆွဲနိုင်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ မျှော်မှန်းထားသည့်အတိုင်း SDGs များကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရရှိနိုင်မှာ ဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံသည် ဗဟိုချုပ်ကိုင်မှုလျှော့ချသော စာရင်းအင်းစနစ် (Decentralized Statistics System) ကို ကျင့်သုံးသည့်နိုင်ငံဖြစ်သည့်အတွက် စာရင်းအင်းအချက်အလက်များ ပြည့်စုံ၊ မှန်ကန်၊ တိကျပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သို့မှသာလျှင် မိမိတို့နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ်သည် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ သက်ဆိုင်ရာဌာနများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ 
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အမျိုးသားညွှန်ကိန်းမူဘောင် လုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။အဆိုပါစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အမျိုးသားညွှန်ကိန်းမူဘောင်တို့နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများကို ဒီဇင်ဘာလ ၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ကာလအတွင်း တစ်ကြိမ်လျှင် (၁၀) ရက်စီဖြင့် လေးကြိမ် ပြုလုပ်သွားမည်ဖြစ်ပါသည်။ 
(သတင်းစဉ်)

 

, ,