ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား စစ်ဆေး

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ခံများနှင့် တွေဆုံ၍ တိုင်းတာဝန်ခံများအနေဖြင့် မိမိတို့၏ ရုံးများအား အဆင့်အတန်းမှီမှီ သန့်ရှင်းသပ်ရပ်စွာ ဖြစ်စေရန်၊ ဝန်ထမ်းများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို အားပေးဆောင်ရွက်ရန်၊ တိုင်းဦးစီးမှူးများအနေဖြင့် လုပ်ငန်းတာဝန်များကို စေတနာ၊ မေတ္တာ အပြည့်ဖြင့် ဆောင်ရွက်၍ အလုပ်ကြိုးစားသည့် ဝန်ထမ်းများကိုလည်း ရာထူးတိုးမြှင့်ပေးရန်လိုကြောင်း၊ ရုံးလုပ်ငန်းတာဝန်များကို အဆင့်အလိုက် တစ်ဆင့်ပြီး တစ်ဆင့် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စများအား အလေးထားဆောင်ရွက်ကြရန်၊ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အောက်ခြေ အဆင့်အထိ စည်းကမ်းနည်းလမ်းကျစွာ ဆောင်ရွက်ရန်တို့ကို အကျယ်တဝင့် မှာကြားခဲ့ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်အရ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၃၁၃၅၇.၀၀ သန်း (US$ ၈.၃၈ သန်းအပါအဝင်) ဖြင့်၂၀၁၉ ခုနှစ် မေလတွင် အပြီးတည်ဆောက်မည့် SNG Myanmar Limited မှ အထပ် ၁၆ ထပ်ပါ အဆင့်မြင့် စျေးဝယ်စင်တာအား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာ အဆင့်မီရုံးခန်း တည်ဆောက်၍ ငှားရမ်းခြင်းနှင့် ဆိုင်ခန်းများ ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ တည်ဆောက်နေခြင်းအား လည်းကောင်း၊ မြစ်ငယ်မြို့ ဒုတ္ထဝတီ မြစ်ကမ်းဘေးရှိ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၃၃၄၁၇.၉၀ သန်း(US$ ၃.၉၉၆ သန်း အပါအဝင်) Resources Group Logistics Limited  မှ BOT စနစ်ဖြင့် ကုန်းတွင်း ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်း (Smart Dry Port) တည်ဆောက်နေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၁.၃၆၉ သန်းဖြင့် ဆောင်ရွက်နေသည့် KM Terminal and Logistics  Limited မှ BOT စနစ်ဖြင့် ကုန်းတွင်းဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်း တည်ဆောက်နေခြင်းများအား ကြည့်ရှုစစ်ဆေး၍  ကုန်စည်များ  စနစ်တကျ ထိမ်းသိမ်း သိုလှောင်နိုင်ရန်အတွက် လုံးခြုံရေးနစ်၊ လေဝင်လေထွက်စနစ်၊ ဝန်ထမ်းများ လုပ်ငန်းခွင် အတွင်း ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရေး၊ ဝန်ထမ်းအိမ်ရာနှင့် ရုံးခန်းများ စနစ်တကျ ထည့်သွင်း တည်ဆောက်နိုင်ရေး ကိစ္စရပ်များအား မှာကြားခဲ့သည်။

ထို့နောက်Europe & ASIA Beverages Co.,Ltd မှ နို့၊ ပဲနိုရည်အမျိုးမျိုး၊ ရေသန့်နှင့် အချိုရည်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၏ တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၃၂၃၈၈.၉၅ သန်း ဖြင့် ဆောင်ရွက်နေသည့် တောင်သမန်သစ္စာ ကုမ္ပဏီလီမီတက်မှ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက်ခရီးသွား အပန်းဖြေစခန်း (Resort) ဝန်ဆောင်မှုလုပ်ငန်း တည်ဆောက်နေခြင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သမန်အင်း အဓွန့်ရှည်တည်တံ့ရေးကို အလေးပေး ဆောင်ရွက်ရန်၊ တောင်သမန်အင်းသည် မန္တလေးမြို့၏ ဂုဏ်ဆောင်ပြယုဒ်တစ်ခု ဖြစ်သည်နှင့်အညီ သဘာဝအလှအပများအား ထိခိုက်မှုမရှိစေပဲ စီမံကိန်းကို တည်ဆောက်သွားရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးတို့ကို  လမ်းညွှန်မှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မန္တလေးမြို့သာ စက်မှုဥယျာဉ်မြို့တော်ရှိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈.၉၅၀ သန်းဖြင့် လုပ်ငန်းဆောင်ရွက်နေသော Japfa Comfeed Myanmar Pte.,Ltd နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၄.၅၉၉ သန်းဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် De Huse Myanmar Co.,Ltd တို့မှ တိရိစ္ဆာန်အစာ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖြန့်ဖြူးခြင်း လုပ်ငန်းခွင်တို့အား အသေးစိတ်သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

 အဆိုပါ မြို့သာစက်မှု့ မြို့တော်စီမံကိန်းလုပ်ငန်းတွင် ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (၆) ခုဖြင့် မြေဧက (၁၁၄၀၄) ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းတစ်ကွင်း၊ စက်ရုံများ၊ သိုလှောင်ရုံများ၊ ဘဏ်များ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေးနှင့် လူနေအိမ်ရာ အ​ဆောက်အဦများ ပါဝင်ဆောင်ရွက်နေကြောင်းနှင့် ထပ်မံ၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကိုဖိတ်ခေါ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

(သတင်းစဉ်)