စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန Logo ပြိုင်ပွဲဝင်ရန် ဖိတ်ခေါ်ခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်များ
Submitted by admin on Tue, 06/27/2017 - 10:34၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ Logo ပြိုင်ပွဲကို ဝန်ကြီးဌာနအတွင်းရှိ ဝါသနာရှင် ဝန်ထမ်းများ၏ ထိုးထွင်း တီထွင်နိုင်မှု၊ ဖန်တီးနိုင်မှု၊ ဆန်းသစ်နိုင်မှုတို့ကို အားပေးရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။ ဝန်ကြီးဌာန၏ Logo အသစ် ပြုလုပ်ရန် အတွက် ဝန်ကြီးဌာနအတွင်းရှိ ဝါသနာရှင် ဝန်ထမ်းများကို ဖိတ်ခေါ်ခြင်း ဖြစ်ပါသည်။
၂။ ပြိုင်ပွဲတွင် ရွေးချယ်ခံရသည့် ဝန်ကြီးဌာန၏ Logo ကို ဝန်ကြီးဌာန၏ Website၊ လူမှုကွန်ယက် စာမျက်နှာ၊ လိပ်စာကတ်များ၊ ရင်ထိုးများ၊ ပိုစတာများ၊ ဆိုင်းဘုတ်များ၊ အစည်းအဝေးပွဲများနှင့် အထိမ်းအမှတ်ပွဲများတွင် လိုအပ်သလို အသုံးပြုသွားမည် ဖြစ်သည်။
၃။ ဝန်ကြီးဌာန Logo ပြိုင်ပွဲတွင် ဆုရရှိသူ ဝန်ထမ်းကို ထိုက်တန်စွာ ဆုချီးမြှင့်သွားမည် ဖြစ်ပါသည်။
စည်းကမ်းသတ်မှတ်ချက်များ
၄။ Logo ပြိုင်ပွဲအတွက် သတ်မှတ်ထားသည့် စည်းကမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပါဝင်ယှဉ်ပြိုင်သူများသည် ဝန်ကြီးဌာနရှိ ဦးစီးဌာန/ လုပ်ငန်း/အဖွဲ့များတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ ဖြစ်ရမည်။
(ခ) Logo သည် ဝန်ကြီးဌာနကို ကိုယ်စားပြုနိုင်သော အမှတ်တံဆိပ် ဖြစ်ရမည်။
(ဂ) ပြိုင်ပွဲဝင်(၁)ဦးလျှင် Logo(၁)ခုမှ (၂)ခုအထိ ပေးပို့ ယှဉ်ပြိုင်နိုင်သည်။
(ဃ) Logo ၏ အဓိပ္ပါယ်အား စာကြောင်းရေ အနည်းငယ်ဖြင့် ကျစ်လစ်စွာ ရေးသား ဖော်ပြပေးရမည်။
(င) JPEG Format ဖြင့် ပေးပို့ ယှဉ်ပြိုင် ရမည်။ ဆုရွေးချယ်ပြီးနောက်ပိုင်းတွင် ဆုရရှိသူသည် မူရင်းဖိုင် တင်ပြရမည်။
(စ) Logo တွင် အသုံးပြုမည့် Colour Mode သည် CMYK ဖြစ်ရမည်။
(ဆ) Logo သည် အသုံးပြုရန်၊ အရွယ်အစား ချုံ/ ချဲ့ရန် တို့အတွက် လွယ်ကူမှုရှိရမည်။
(ဇ) Resolution အနိမ့်ဆုံး (300 dpi နှင့် အထက်) ဖြင့်သာ ပေးပို့ရမည်။
(ဈ) Logo တွင် အသုံးပြုသည့် အမှတ်လက္ခဏာများတွင် ပြည်တွင်း/ ပြည်ပရှိ တရားဝင် မှတ်ပုံတင် ထားသည့် တံဆိပ်များ၊ အမှတ်အသားများ ပါဝင်ခြင်း မရှိစေရ။
(ည) ပြိုင်ပွဲဝင်သူကိုယ်တိုင် ဖန်တီးထားသော အမှတ်တံဆိပ် ဖြစ်ကြောင်း ဝန်ခံချက် ကတိ ပူးတွဲတင်ပြပေးရန် လိုအပ်သည်။
၅။ ပါဝင်ယှဉ်ပြိုင်လိုသည့် ဝန်ထမ်းများအနေဖြင့် ပူးတွဲပါ သတ်မှတ်စည်းကမ်းများ အညီ (၂၆-၃-၂၀၁၈)ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၁)သို့ (Hard Copy + Soft Copy)တို့အတူ ပေးပို့ ယှဉ်ပြိုင်နိုင်ပါသည်။