ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

     ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၄ ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ ၂:၀၀ နာရီအချိန်တွင် Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက တက်ရောက်အမှာစကားပြောကြားခဲ့သည်။ 

     အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌက ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ၊ စာရင်းဝင်ကုမ္ပဏီ၊ အများပိုင်ကုမ္ပဏီများကို ဥပဒေတွင်ပါသည့်ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသည့်အမိန့်ကြော်ငြာစာများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ကော်မရှင်ကစောင့်ကြည့်ကွပ်ကဲသွားရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်မညီသည့် ကိစ္စရပ်များဖြစ်ပေါ်လာပါကထိန်းကြောင်းတားဆီးရမည်ဖြစ်ကြောင်း၊ အလားတူအခက်အခဲများရှိလာပါက ကော်မရှင်အနေဖြင့်ဖြေရှင်းဆောင်ရွက်ပေးရသည်မှာ ကော်မရှင်၏အဓိကလုပ်ငန်းတာဝန်ဖြစ်ကြောင်း ၊ ရန်ကုန် စတော့အိတ်ချိန်းတွင် Main Board အပြင် စာရင်းဝင်အကြိုဈေးကွက် Pre-Listing Board-PLB ပါ တည်ထောင်ပြီးဖြစ်သည့်အတွက် စာရင်းဝင်အကြိုဈေးကွက်အကောင်အထည်ဖော်ဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်ဖို့လိုကြောင်း ပြောကြားခဲ့ပါသည်။ 

     ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၁/၂၀၂၄ ကြိမ်မြောက်ကော်မရှင်အစည်းအဝေး၏ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ 

     အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြကာ အစည်းအဝေးကို ညနေ ၅:၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။