(၆/၂၀၂၃) ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၆/၂၀၂၃) ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂:၀၀ တွင် Virtual စနစ်ဖြင့်ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အနေဖြင့် အရင်းအနှီးဈေးကွက်ကိုထိန်းကျောင်းရမည်ဖြစ်သလို စာရင်းဝင်၊ အကြိုစာရင်းဝင်နှင့် အစုရှယ်ယာဈေးကွက်များတိုးတက်လာစေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ Bond Market နှင့် Securities Market ကို စံသတ်မှတ်ချက်များ (Criteria) နှင့်အညီ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ရောက်လိုသောကုမ္ပဏီများမှ တင်ပြလာသည့်အလားအလာညွှန်းတမ်းများကို သေချာစိစစ်ရန်နှင့် ကုမ္ပဏီ၏ပကတိအခြေအနေ၊ သတင်းအချက်အလက်များကိုကော်မရှင်မှ သေချာသိရှိရန်လိုကြောင်း၊ အစီရင်ခံစာများတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် အစီရင်ခံစာများကိုကော်မရှင်သို့ ပုံမှန်တင်သွင်းကြရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ (Investors) ကို အကာအကွယ်ပေးရေးမှာ ကော်မရှင်၏လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့်အပြင် Capacity Building အနေဖြင့် ကော်မရှင်ရုံးဝန်ထမ်းများအတွက် ပြည်တွင်း၊ပြည်ပ Training များပေးခြင်း၊ ဆွေးနွေးပွဲများကျင်းပပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားလာစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး၏ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကိုမွန်းလွဲ ၃:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။