(၃၆) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် ဥက္ကဌများအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

     (၃၆) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် ဥက္ကဌများအစည်းအဝေး  ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း ၊ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါ်ကြည်ကြည်ခင်ဆွေ နှင့် ဦးဆန်းဝင်း တို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်၏ အလှည့်ကျဥက္ကဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၊ ဥက္ကဌ H.E. Mr Sou Socheat က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံဒေသတွင်းနိုင်ငံများ၏ အရင်းအနှီးဈေးကွက်ကြီးကြပ်ရေးကော်မရှင်များမှ ဥက္ကဌများ၊ အတွင်းရေးမှူးများ ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေးတွင် အာဆီယံစုပေါင်းရင်းနှီးမြှုပ်နှံမှုအစီအစဉ်အတွက် ဝက်ဘ်ဆိုက်သစ်ဆောင်ရွက်ထားရှိမှု ၊ အာဆီယံရန်ပုံငွေအဖွဲ့အစည်းများ၏ တာဝန်ခံမှုရှိသည့် စဉ်ဆက်မပြတ်ဖွင့်ဟထုတ်ဖော်မှုဆိုင်ရာစံသတ်မှတ်ချက်များ တပြေးညီပြဌာန်းနိုင်ရေးလုပ်ငန်းစဉ်များ၊ အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအား ACMF Pass ဖြင့် ခွင့်ပြုခဲ့သည့် အခြေအနေများ ၊ အာဆီယံအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့နှင့် အာဆီယံအရင်းအနှီးဈေးကွက်များဖိုရမ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အာဆီယံရေရှည်တည်တံ့ခိုင်မြဲသော ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ၊ အရင်းအနှီးဈေးကွက် အသွင်ကူးပြောင်းရေးဆိုင်ရာစံသတ်မှတ်ချက်များ၊ ကာလရှည်ငွေချေးစာချုပ် (Sustainability-Linked Bond) များ ထုတ်ဝေခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ ၊ အာဆီယံဒေသရှိစာရင်းဝင်ကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အကဲဖြတ်အစီအစဉ် ၊ OECD ၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နှင့် Terms of Reference ရေးဆွဲမှုအစီအစဉ်များ ၊ အာဆီယံဝက်ဘ်ဆိုက်ထိန်းသိမ်းစရိတ်နှင့် ဘက်စုံနားလည်မှုစာချွန်လွှာရေးထိုးရေး အစီအစဉ်များ ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အာဆီယံအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာအကူအညီပေးမှုများကို ဆွေးနွေးခဲ့ကြသည်။

     ထို့အပြင် ACMF, Infrastructure Regulators' Meeting (AIRM), Senior Level Committee on Financial Integration (SLC) နှင့် အာဆီယံအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ (WC-CMD) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် ASEAN Taxonomy Board မှ ရေးဆွဲခဲ့သည့် Version 1 of ASEAN Taxonomy for Sustainable Finance အပေါ် ထပ်မံမွမ်းမံရေးဆွဲမည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

      အစည်းအဝေးမှ ACMF Vision 2025 အဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ACMF Action Plan (2021-2025) အရ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ်များဖြစ်သော အရင်းအနှီးဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို ပွင်းလင်းမြင်သာမှုဖော်ဆောင်နိုင်ရေး ၊ အာဆီယံဒေသတွင်း နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး ၊ ဒေသတွင်းအရင်းအနှီးဈေးကွက်များ တစ်ခုနှင့်တစ်ခုအပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ရေး ၊ ဒေသတွင်း အရင်းအနှီးဈေးကွက်များဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းနယ်ပယ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။