တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများ အဆင်ပြေစွာထုတ်ချေးနိုင်ရေးနှင့် JICA ချေးငွေဖြင့် လယ်ယာသုံးစက်ကိရိယာများ ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

, , , , , ,

တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများ အဆင်ပြေစွာထုတ်ချေးနိုင်ရေးနှင့်     

    JICA ချေးငွေဖြင့် လယ်ယာသုံးစက်ကိရိယာများ  ရောင်းချနိုင်ရေး

 ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်  ဇွန်  ၁၂  ရက်

တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများ အဆင်ပြေစွာထုတ်ချေးနိုင်ရေးနှင့် JICA ချေးငွေဖြင့် လယ်ယာသုံးစက်ကိရိယာများ စျေးနှုန်းနှင့်အရည်အသွေး ကောင်းမွန်စွာရောင်းချ နိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ ကုမ္ပဏီများနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရုံးချုပ်အစည်းအဝေးခန်းမ၊ ရန်ကုန်မြို့၌ ကျင်းပရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ တက်ရောက်အမှာစကားပြောကြားပါသည်။

ဦးမင်းသူက လယ်ယာသုံးစက်ကိရိယာ ကုမ္ပဏီများအနေဖြင့် တောင်သူများသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)မူရင်းကို အာမခံအဖြစ်ရယူ၍ လယ်ယာသုံးစက်ကိရိယာများ အရစ်ကျရောင်းချထားသည်ကို တွေ့ရပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ်၊ မိုးရာသီချေးငွေမှစတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့်လည်း (ပုံစံ-၇)မူရင်းကို အပေါင်အဖြစ်ရယူ၍ စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးလျက်ရှိရာကုမ္ပဏီများထံမှ စက်ကိရိယာဝယ်ယူထားသော တောင်သူ များအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ အဆင်ပြေစွာရရှိနိုင်ရေးအတွက် စက်ကိရိယာဝယ်ယူ ထားသည့် တောင်သူစာရင်းကို မြို့နယ်အလိုက်အချိန်မီပေးပို့ရန်နှင့်  အဆိုပါတောင်သူများကို    (ပုံစံ-၇)မိတ္တူဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ပထမဦးစွာရှင်းလင်း ပြောကြားပါသည်။

ဦးမင်းသူက ဆက်လက်၍ JICA ,TWO  STEP  LOAN ချေးငွေအစီအစဉ်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ မြို့နယ်ပေါင်း ( ၁၀၁ )ခုမှ တောင်သူ (၆၀၀) နီးပါးကို ကျပ်သန်း  ၂၁၀၀၀ ခန့်တန်ဘိုးရှိ လယ်ယာသုံးစက်ကိရိယာများ ရောင်းချနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ JICA ချေးငွေကို အရှိန်မြှင့်၍ ထုတ်ချေးနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် စက်ကိရိယာကုမ္ပဏီများ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ စက်ကုမ္ပဏီများအနေဖြင့် စျေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်သော စက်ကိရိယာများ ရောင်းချပေးနိုင်ရန်နှင့် တောင်သူများဝယ်ယူပြီးနောက်တွင်လည်း After Sale Service ကိုအကောင်းဆုံးဆောင်ရွက် ပေးကြရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

ထိုနောက် မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်မှ တာဝန်ရှိသူများက စိုက်ပျိုးစရိတ်ချေးငွေ အဆင်ပြေစွာ ထုတ်ချေးနိုင်ရေးနှင့်  JICA ချေးငွေဖြင့် တောင်သူများသို့ လယ်ယာသုံးစက်ကိရိယာ များ အဆင်ပြေလွယ်ကူစွာဖြင့် ဝယ်ယူနိုင်ရေး ရှင်းလင်းပြောကြားကြပြီး စက်ကိရိယာကုမ္ပဏီ များမှ သိလိုသည်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ လယ်ယာသုံးစက်ကိရိယာများ ရောင်းချသည့် စက်ကုမ္ပဏီ (၄၃)ခုမှ တာဝန်ရှိသူများနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။