IFC နှင့် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ မတ်လ ၁၇ ရက်

ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင်ဖြစ်သည့် International Finance Corporation (IFC)  နှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ( SECM ) တို့ အကြား မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ၏ စီမံအုပ်ချုပ်မှု စည်းမျဉ်းစည်းကမ်းစံများနှင့် အလေ့အထများကို အားကောင်းခိုင်မာစေရန် အကူအညီပေးအပ်မည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၁၇-၃-၂၀၁၇) ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာအား ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် International Finance Corporation (IFC)  ၏ ဒုတိယဥက္ကဌ နှင့် ငွေတိုက်ဌာနမှူး Mr. Jingdong Hua တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာ့စီးပွားရေးဘဏ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန နှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ International Finance Corporation (IFC) မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာ ၌ IFC က ကော်မရှင်၏  အရာထမ်း၊ အမှုထမ်းများအား စီးပွားရေးလုပ်ငန်းများ စီမံအုပ်ချုပ်မှုဆိုင်ရာ လေ့ကျင့်သင်ကြားပေးခြင်း၊ စဉ်ဆက်မပြတ် ထုတ်ဖော် အသိပေးကြေညာခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင်းအရေးများကဲ့သို့ အရင်းအနှီးစျေးကွက်များ၊ ကြီးကြပ်ထိန်းကျောင်းပေးသူများနှင့်သာ သက်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်၍ အကောင်းဆုံးအလေ့အထများ မျှဝေပေးခြင်းတို့ဖြင့် ကော်မရှင်၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းကို ပံ့ပိုးပေးရန်၊ စီးပွားရေးလုပ်ငန်းများ၏ စီမံအုပ်ချုပ်မှု စည်းကမ်းထိန်းသိမ်းရေးစံများကို မြှင့်တင် ပေးရေးအတွက် ကော်မရှင်က စည်းမျဉ်းသစ်များ ပြန်လည်ဆန်းစစ်ခြင်းကို ပံ့ပိုးပေးရန်၊ IFC နှင့် ကော်မရှင်တို့သည် အများပြည်သူပါဝင်နိုင်မည့် ညီလာခံများနှင့် ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပခြင်းမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများကို ပြည်သူများ သိရှိစေရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။